၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများတွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းများနှင့်တစ်ဦးချင်းပုဂ္ဂိုလ်များသည် ဗီယက်နမ်ဒေါင် ၇၄.၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၈၅ ဘီလီယံ)ပေးဆောင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၅ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရပါသည်။
အဆိုပါကာလအတွင်း နိုင်ငံခြားဝန်ဆောင်မှုပေးသူ ၁၅၈ ဦးခန့်သည် အခွန်ဦးစီး ဌာန၏ အီလက်ထရောနစ်ပေါ်တယ်မှတစ်ဆင့် မှတ်ပုံတင်ခြင်း၊ဝင်ငွေကြေညာလွှာ တင်သွင်းခြင်းများဆောင်ရွက်ပြီး အခွန်ငွေ ဗီယက်နမ်ဒေါင် ၅.၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၁၇ သန်း)ပေးဆောင်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်းတိုးလာကြောင်း ရေးသားဖော်ပြထားပါသည်။
အသေးစားစီးပွားရေးဆောင်ရွက်သည့် အိမ်ထောင်စုပေါင်း ၁၀၀,၀၀၀ ခန့်နှင့် တစ်ဦးချင်းပုဂ္ဂိုလ်များသည် သတ်မှတ်ထားသော e-tax portal မှတစ်ဆင့်မှတ်ပုံတင်ခြင်း၊ဝင်ငွေကြေညာလွှာတင်သွင်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခွန်ငွေဗီယက်နမ်ဒေါင် ၁.၁ ထရီလီယံနီးပါး(အမေရိကန်ဒေါ်လာ ၄၁.၉ သန်း) ကောက်ခံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
အီလက်ထရောနစ်ကူးသန်းရောင်းဝယ်လုပ်ငန်းများတွင်ပါဝင်သည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် ၉၃,၀၀၀ နီးပါးသည် ဗီယက်နမ်ဒေါင် ၆၇.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၅၈ ဘီလီယံ) ပေးဆောင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Economic Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)