International News

ကမ္ဘာ့ဈေးကွက်သို့ ဝါးထုတ်ကုန်များတင်ပို့ခြင်းဖြင့် တရုတ်နိုင်ငံကျန်းရှီးပြည်နယ်တွင် စိမ်းလန်းသော စက်မှုလုပ်ငန်းများဖွံ့ဖြိုးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီး(Jiangxi)ပြည်နယ်၊ ကန်ကျိုး(Ganzhou)မြို့ရှိ Ganzhou Sentai Bamboo & Wood Co., Ltd. ၏ပြခန်းထဲတွင် နူးညံ့သောတူရိယာသံများကြားရသည်နှင့် အံ့ဩစရာမေးခွန်းတစ်ခုပေါ်လာသည်— "ဝါးစက်ရုံတစ်ခုထဲမှ ဘာကြောင့်ဂီတသံများကြားရသနည်း။"

ယင်းစက်ရုံးအတွင်းသို့ ဝင်ကြည့်မည်ဆိုပါက အထူးပြုလုပ်ထားသော တူရိယာပေါ်ရှိ ဝါးခလုတ်များကို ထုနေသည့် ဝန်ထမ်းတစ်ဦးကို မြင်တွေ့ရမည်ဖြစ်သည်။ ၎င်းဝါးပြွန်စန္ဒယား(bamboo tube piano)ကို အဓိကအားဖြင့် ဝါးဖြင့်ပြုလုပ်ထားကြောင်း၊ ၎င်းသည် ရိုးရာပြွန်တူရိယာ(traditional tubular instrument)၏စက်ပိုင်းဆိုင်ရာတည်ဆောက်ပုံနှင့် ဝါးဖြင့်ပြုလုပ်ထားသော အသံပြားများ၊ အသံပြန်ကိရိယာများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဒီဇိုင်းနှင့် ကုန်ကြမ်းနှစ်မျိုးလုံးတွင် ဆန်းသစ်မှုတစ်ရပ်ကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏စီမံခန့်ခွဲရေးဌာနမှူး Luo Zhen က ပြောခဲ့သည်။

အဆိုပါစက်ရုံတည်ရှိရာ ရှန်းယူ(Shangyou)ခရိုင်၏ ၈၁ ဒသမ ၈ ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းနေပါသည်။သစ်တောဧရိယာ မူ ၁ ဒသမ ၈၆ သန်း (၁၂၄,၀၀၀ ဟက်တာခန့်)ရှိပြီး မိုဆူ(moso)ဝါးတောဧရိယာသည် မူ ၂၄၀,၀၀၀ ကျော်ရှိသည်။ ကျန်းရှီးပြည်နယ်၏ ဝါးထုတ်လုပ်ရေးဒေသများထဲမှ အရေးပါသောဒေသတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ရှန်းယူခရိုင်အနေဖြင့် “ဝါးဖြင့် ပလပ်စတစ်ကို အစားထိုးခြင်း”(replacing plastic with bamboo)ဟူသည့် စက်မှုဆိုင်ရာ ပုံစံသစ်ဖော်ဆောင်ရာ၌ တက်ကြွစွာပါဝင်ခဲ့သည်။ ခရိုင်၏ဝါးကဏ္ဍကို တန်းဖိုးမြင့်လာစေရန်၊ ဂေဟစနစ်ဖြင့် သဟဇာတဖြစ်စေရန်(eco-friendly)နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် တွန်းအားပေးဆောင်ရွက်ခဲ့သည်။

စဉ်ဆက်မပြတ်နည်းပညာဆန်းသစ်တီထွင်မှုမှတစ်ဆင့် Sentai Bamboo & Wood သည် ဝါးအသုံးပြုမှုကို အိမ်တွင်းအလှဆင်ဒီဇိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းစသည့်နယ်ပယ်မျိုးစုံတွင် ချဲ့ထွင်အသုံးပြုလာခဲ့သည်။ ယခုအခါ ကုမ္ပဏီအနေဖြင့် အရည်အသွေးမြင့်ဝါးထုတ်ကုန်မျိုးစုံကို ထုတ်လုပ်လာနိုင်ခဲ့သည်။

စက်ရုံပြခန်းအတွင်း၌ ဝါးထုတ်ကုန်များခင်းကျင်းပြသထားသည့်အပြင် ဝါးဗိသုကာလက်ရာများပါဝင်သည့် အထင်ကရနေရာများ၏ဓါတ်ပုံကြီးများကိုလည်း ပြသထား သည်။ Shanghai စာကြည့်တိုက်နှင့် ဟောင်ကောင်ရှိ ပြတိုက်မှစ၍ ဂျပန်နိုင်ငံရှိ Osaka Expo ပြခန်း၊ တောင်ကိုရီးယာနိုင်ငံရှိ Samsung ရုံးအဆောက်အအုံနှင့် နယ်သာလန်နိုင်ငံရှိ Hotel Jakarta Amsterdam အစရှိသည့် အဆောက်အအုံ အားလုံးတွင် ၎င်းတို့၏ဝါးထုတ်ကုန်များကို အသုံးပြုထားပါကြောင်း၊ ၎င်းတို့ဝါးပစ္စည်းများ ကမ္ဘာအနှံ့သို့ ရောက်ရှိနေပါပြီဖြစ်ကြောင်း ကုမ္ပဏီ၏အထွေထွေမန်နေဂျာ Xu He က ပြောခဲ့သည်။

Sentai Bamboo & Wood စက်ရုံ၏ ထုတ်လုပ်ရေးအလုပ်ရုံတွင် ထုတ်လုပ်မှုသည် အပြည့်အ၀ဆောင်ရွက်လျက်ရှိသည်။ စက်ရုံးအလုပ်သမားများသည် ဝါးများကို လှီးဖြတ်ခြင်း၊ ဖြတ်တောက်ခြင်းနှင့် ချောမွေ့အောင်ပြုလုပ်ခြင်းတို့တွင် စက်များကို ကျွမ်းကျင်စွာကိုင်တွယ်ဆောင်ရွက်နေကြသည်။

ဝါးသည် အလူမီနီယမ်အလွိုင်း(aluminum alloy)နှင့် ယှဉ်နိုင်သော(cross-grain fracture toughness)အရိုးခိုင်မာမှုရှိပြီး ၎င်း၏ longitudinal compressive strength ခံနိုင်အားသည် သာမန်ကွန်ကရစ်ထက်သာလွန်ကြောင်း၊ အင်ဂျင်နီယာနည်းပညာဖြင့် တည်ဆောက်ထားသော ဝါးအိမ်များသည် လုံခြုံစိတ်ချရပြီး တာရှည်ခံရုံသာမက စွမ်းအင်သက်သာခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စည်းမျဉ်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Xu He က ပြသခဲ့ သည်။

ကုမ္ပဏီ၏ထုတ်ကုန် ၉၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ယခုထုတ်ကုန်များကို အိန္ဒိယ၊ အမေရိကန်နှင့် ဂျာမဏီနိုင်ငံများသို့ တင်ပို့ရန်အစီ အစဉ်ရှိပါကြောင်း၊ ကုမ္ပဏီ၏ရည်မှန်းချက်မှာ တရုတ်ဝါးထုတ်ကုန်များကို ကမ္ဘာတစ်ဝှမ်းပိုမိုရောက်ရှိစေရန်နှင့် တရုတ်ဝါးလုပ်ငန်း၏ အားသာချက်နှင့် စွမ်းဆောင် နိုင်မှုကို ကမ္ဘာသို့ ပြသသွားမည်ဖြစ်ပါကြောင်း Xu ၏ ပြောကြားချက်အရ သိရှိရသည်။

ယခုအခါ Sentai Bamboo & Wood ကဲ့သို့သောလုပ်ငန်းများဖြင့် ရှန်းယူခရိုင်တွင် ဝါးလုပ်ငန်းဆိုင်ရာ အပြည့်စုံဆုံးသော ထုတ်လုပ်မှုကွင်းဆက်ကို တည်ထောင်နိုင်ခဲ့သည်။ ၎င်း၏ဝါးထုတ်ကုန်များကို အမေရိကန်၊ ဒိန်းမတ်၊ သြစတြေးလျနှင့် ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0612/c90000-20326597.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News