International News

တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုများဖြင့် တရုတ်နိုင်ငံ၊ ရှင်းကျန်းဝါဂွမ်းစိုက်ပျိုးသည့်ဧရိယာများ ပိုမိုကျယ်ပြန့်လာ

Last Updated:

တရုတ်ဝါဂွမ်းအသင်းချုပ်(China Cotton Association-CCA)မှထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝါဂွမ်းစိုက်ပျိုးမြေဧရိယာသည် ၄၀ ဒသမ ၉ သန်း မူ(ဟက်တာ ၂ ဒသမ ၇၃ သန်း)အထိရှိခဲ့ပြီး ယခင်နှစ်ထက် ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကြောင်း သိရှိရသည်။

CCA အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စုစုပေါင်းဝါဂွမ်းစိုက်ပျိုးမြေဧရိယာသည် မူ ၄၄ ဒသမ ၈၂၃ သန်းအထိရှိခဲ့ပြီး အပြုသဘောဆောင်သောတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်းနှင့်တရုတ်နိုင်ငံ၏ဝါဂွမ်းစိုက်ပျိုးမှုဧရိယာသည် တည်ငြိမ် စွာရှိနေပြီး ရှင်းကျန်းဒေသ၏လက်ရှိရာသီဥတုအခြေအနေများသည် ဝါဂွမ်းထုတ်လုပ်မှုအတွက် ကောင်းမွန်ကြောင်း ဖော်ပြထားသည်။

ရှင်းကျန်းဒေသဆိုင်ရာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာန(Xinjiang regional department of agriculture and rural affairs)၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ရှင်းကျန်းပြည်နယ်သည် တရုတ်နိုင်ငံ၏အကြီးဆုံးဝါဂွမ်းထုတ်လုပ်သည့်ဒေသဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဝါဂွမ်းထွက်ရှိမှုစုစုပေါင်း၏ ၉၂ ဒသမ ၂ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ပြီး အမြင့်ဆုံးစံချိန် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

အနောက်နိုင်ငံအချို့မှ အရာရှိများနှင့် မီဒီယာများသည် ယခင်က "အတင်းအကြပ်အလုပ်ခိုင်းစေမှု"(forced labor)ကဲ့သို့သောအထောက်အထားမဲ့စွပ်စွဲချက်များဖြင့် ရှင်းကျန်းဝါဂွမ်းလုပ်ငန်းကို ထိခိုက်အောင်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း အဆို ပါစွပ်စွဲချက်များကို ထိရောက်စွာချေပနိုင်ခဲ့ပြီး အနောက်နိုင်ငံများ၏ဖိနှိပ်မှုများ သည် ဝါဂွမ်းလုပ်ငန်း၏တည်ငြိမ်ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း တရုတ် နိုင်ငံလူမှုရေးသိပ္ပံအကယ်ဒမီ(Chinese Academy of Social Sciences)၊ ကျေးလက်ဖွံ့ဖြိုးရေးသုတေသနဌာန(Rural Development Institute)မှ သုတေသီ လီဂိုရှောင်(Li Guoxiang)က ပြောကြား ခဲ့သည်။

ရှင်းကျန်းဝါဂွမ်းလုပ်ငန်းသည် ယခုအခါ တရုတ်နိုင်ငံ၏ကြီးမားသော ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အဓိကအသုံးပြုနေပြီး ပို့ကုန်ဦးတည်သည့်ပုံစံမှ ပြည်တွင်းစားသုံးမှုဗဟိုပြုပုံစံသို့ ပြောင်းလဲကြောင်း၊တရုတ်နိုင်ငံ၏ဝါဂွမ်းဈေးကွက် သည် အလွန်ကြီးမားသောကြောင့် နှစ်စဉ်ဝါဂွမ်းအချို့တင်သွင်းနေရကြောင်း Li ၏ ပြောပြချက်အရ သိရှိရသည်။

ကျွမ်းကျင်သူများ၏အဆိုအရ ရှင်းကျန်းပြည်နယ်၏ ဝါဂွမ်းလုပ်ငန်းအားသာချက်မှာ ပြည်တွင်း ဝယ်လိုအားခိုင်မာမှုရှိခြင်းအပြင် ၎င်း၏အရည်အသွေးမြင့်ထွက်ကုန်များကြောင့်လည်း ဈေးကွက်တွင်အစားထိုးရန်ခက်ခဲသည့်အချက်ဖြစ်သည်။၂၀၂၄ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သော သီးခြားလုပ်ငန်းအစီရင်ခံစာအရ ရှင်းကျန်းပြည်နယ်သည် ဝါဂွမ်းထုတ်လုပ်မှု၏တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဝါဂွမ်းအရည် အသွေးတိုးတက်မှုများလည်း ဆက်လက်ဖော်ဆောင်နိုင်ခဲ့ပြီး အရှည် ၂၈ မီလီမီတာအထက် အဆင့်မြင့်ဝါဂွမ်းများထွက်ရှိမှုသည် စုစုပေါင်းဝါဂွမ်းထွက်ရှိမှု၏ ၉၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

ရှင်းကျန်းပြည်နယ်သည် တရုတ်နိုင်ငံ၏ အဓိကဝါဂွမ်းထုတ်လုပ်သည့်ဒေသအဖြစ် ရပ်တည်နိုင် ရသည့်အကြောင်းရင်းများတွင် ကောင်းမွန်သော သဘာဝအခြေအနေ၊ အထွက်နှုန်းမြင့်မားမှုနှင့် အထူးသဖြင့် ချည်မျှင်ရှည်များ(long-staple cotton)၏ အရည်အသွေးမြင့်မားမှုတို့ပါဝင်သည်။၎င်းအပြင် ဝါရိတ်သိမ်းမှုတွင် စက်မှု လယ်ယာ(mechanization)အဆင့်မြင့်မားခြင်းသည် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးသည့်အပြင် မူဝါဒထောက်ပံ့မှုခိုင်မာခြင်းကြောင့် ပိုမိုဖွံ့ဖြိုးလာကြောင်း သိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ဝါဂွမ်းလုပ်ငန်း၏ ထိရောက်မှုနှင့် အရည်အသွေးတို့ကို မြှင့်တင်ရန်ရည်ရွယ်သည့် စီမံကိန်းများလည်း တည်ငြိမ်စွာရှေ့ဆက်ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် တရုတ်ဝါဂွမ်းအသင်းချုပ်သည် ရှင်းကျန်းပြည်နယ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် "တည်တံ့ခိုင်မြဲသော ဝါဂွမ်းဖွံ့ဖြိုးရေးအစီအစဉ် (Sustainable Cotton Development Program)သည် သိသာထင်ရှားသောတိုးတက်မှုများရရှိခဲ့ကြောင်း တွေ့ရှိရသည်။ ရှင်းကျန်းပြည်နယ်၏ အသိအမှတ်ပြု ဝါဂွမ်းစိုက်ခင်းဧရိယာ မူ ၁ ဒသမ ၂ သန်းမှ ဝါဂွမ်းတန်ချိန် ၄၃၀,၀၀၀ တန်ထွက်ရှိလျက်ရှိကြောင်း တွေ့ရှိရသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0613/c90000-20327190.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News