အစ္စရေး-အီရန်ပဋိပက္ခသည် ရှည်ကြာလာပြီး လေကြောင်းလမ်းပိတ်ဆို့လာပါက ထိုင်းနိုင်ငံအတွက် အဓိကဈေးကွက် ၅ ခုမှ ခရီးသည်လာရောက်မှု ၅၀ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်ဥက္ကဋ္ဌ Ms. Thapanee Kiatphaibool ၏ပြောကြားချက်အရ သိရှိရပါသည်။
အရှေ့အလယ်ပိုင်းရှိ အငြင်းပွားများမှုသည် အဆိုပါဒေသမှ လေကြောင်းဖြင့်လာရောက်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုရှိကြောင်း၊ Emirates၊ Etihad၊ Qatar Airways၊ Flydubai၊ Air Arabia၊ Oman Air နှင့် SalamAir စသည့် ထိုင်းနိုင်ငံသို့ လေကြောင်းပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများစွာသည် ပဋိပက္ခဇုန်ကိုရှောင်ကွင်း၍ သွားနိုင်မည့်လမ်းကြောင်းများကို ချိန်ညှိလျက်ရှိပြီး အချို့နိုင်ငံများတွင် ပိတ်သိမ်းခဲ့ပါကြောင်း၊ အီရန်တွင် လေကြောင်းပိတ်ဆို့မှုကြောင့် ဗန်ကောက်နှင့် ဖူးခက်တို့သို့ တစ်ခုတည်းသောပျံသန်းသည့် Tehran အခြေစိုက် Mahan Air သည် လေယာဉ်ပျံသန်းမှုကို ယာယီဖျက်သိမ်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးသည်များအနက် အရှေ့အလယ်ပိုင်းရှိ အစ္စရေးမပါ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နှင့် ဆီးရီးယားတို့မှ ခရီးသည်သည် ၇ ရာခိုင်နှုန်းရှိပြီး ၁၀၀,၇၈၁ ဦးရှိခဲ့ပါကြောင်း၊ အဆိုပါဈေးကွက် ၅ ခုမှ ခရီးသည်လာရောက်မှုသည် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအကြားကျဆင်းခဲ့ကြောင်း Ms. Thapanee က ဆက်လက်ပြောကြားခဲ့သည်။
လေကြောင်းဖြင့် ခရီးသွားလာမှုသည် မလုံခြုံကြောင်း ခရီးသည်များက ဆက်လက်လက်ခံထားပါက အာဏာပိုင်အနေဖြင့် အခြားသောအရှေ့အလယ်ပိုင်းဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ကူဝိတ်၊ ကာတာနှင့် ဘာရိန်းတို့အပေါ် ရေရှည်သက်ရောက်မှုကို စောင့်ကြည့်လျက်ရှိပါကြောင်း၊ ဗန်ကောက်၊ ပတ္တရား၊ ဖူးခက်၊ ချင်းမိုင်တို့ရှိ ဟိုတယ်များသည် ရေတိုသက်ရောက်မှုကို အပြင်းအထန်ခံစားရနိုင်ဖွယ်ရှိကြောင်း၊ တင်းမာမှုများကို ယခုလအတွင်း ဖြေရှင်းနိုင်ပါက ဩဂုတ်လမှစ၍ တစ်ပတ်လျှင် ၂ ကြိမ် အာမန်-ဗန်ကောက်ခရီးစဉ်ကို စတင်ပျံသန်းမည့် Royal Jordanian Airlines အပါအဝင် ထိုင်းနိုင်ငံသို့ လမ်းကြောင်းအသစ် ပျံသန်းပြေးဆွဲမည့်လေကြောင်းလိုင်းအချို့သည် အတည်ပြုချက်ထားရှိဆဲဖြစ်ရာ ခရီးသည်များစီးဝင်ရောက်ရှိမှုသည် ဇူလိုင်လတွင် ပြန်လည်မြင့်တက်လာနိုင်ကြောင်း၊ အပြည့်အဝပြန်လည်ကောင်းမွန်လာမှုသည် ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုပေါ်တွင် မူတည်နေကြောင်း၊ အာဏာ ပိုင်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်းမှ ခရီးသည်ဝင်ရောက်မှုကို ယခုနှစ်တွင် ၁၁ ရာခိုင်နှုန်းကျော်လွန်ရန် ရည်မှန်းထားပြီး ဝင်ငွေ ဘတ် ၈၆ ဘီလီယံရရှိရန် မှန်းထားကြောင်း Ms. Thapanee က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)