အိုမန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းလိုသည့် သင်္ဘောများအတွက် ယာယီရေကြောင်းစင်္ကြံတစ်ခုအား ဖွင့်လှစ်သွားမည်ဟုကြေညာခဲ့ပြီး၊ထိုသို့ရေကြောင်းလမ်းဖွင့်လှစ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးအဖွဲ့(International Maritime Organization-IMO)နှင့် အိုမန်အာဏာပိုင်များအကြား ညှိနှိုင်းဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း economymiddleeast.com ၏ ၂၄-၆-၂၀၂၆ ရက်စွဲဖြင့် သတင်းဖော်ပြချက်အရ သိရပါသည်။
အဆိုပါရေကြောင်းစင်္ကြံ၏ ကိုဩဒိနိတ်များအား IMO နှင့်အိုမန်အာဏာပိုင်တို့က ကြေညာပြီးပါက အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မဟာ ဗျူဟာမြောက်ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားမှ ရေကြောင်းဝန်ဆောင်မှုများ၊ ပေးဆောင်ရမည့် အခကြေးငွေများအပါ အဝင် အနာဂတ်ဟော်မုဇ်ရေလက်ကြား၏ ရေကြောင်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အီရန်နှင့်အိုမန်တို့အကြား ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ရေကြောင်းစင်္ကြံကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။
အီရန်နှင့်အိုမန်နိုင်ငံတို့ မတ်စကပ်မြို့၌ ဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ၎င်းတို့နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနများပါဝင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်း၍ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိကမ်းရိုးတန်းနိုင်ငံများ၊ အကျိုးသက်ဆိုင်သူ(Stakeholders)များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပူးတွဲကြေညာချက်တွင် အီရန်နှင့် အိုမန်နိုင်ငံတို့က ၎င်းတို့၏ သက်ဆိုင်ရာရေပိုင်နက်များအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား အလေးထားဖော်ပြခဲ့ပြီး၊အရေးပါသောဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာမှု သေချာစေရေး ကတိကဝတ်များကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း သိရပါသည်။
အိုမန်နိုင်ငံ၏ ယာယီရေကြောင်းစင်္ကြံဖွင့်လှစ်မှု ကြေညာခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာရေကြောင်းသွားလာရေးအဖွဲ့(IMO)က ကြေညာ ချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ဒေသတွင်း၌ ပိတ်မိနေသည့် သင်္ဘောသား ၁၁,၀၀၀ကျော်အား ကယ်ထုတ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://economymiddleeast.com/news/oman-opens-temporary-maritime-corridor-in-strait-of-hormuz/
(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)