သန့်ရှင်းသောစွမ်းအင်အဖြစ် အသွင်ကူးပြောင်းရေးနှင့် အရှေ့တောင်အာရှတွင် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စင်ကာပူနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။
ယူကေနိုင်ငံ၏ Secretary of State for Foreign, Commonwealth and Development Affairs ဖြစ်သူ David Lammy ၏ စင်ကာပူနိုင်ငံခရီးစဉ်တွင် ပူးပေါင်းဆောင်ရွက်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနိုင်ငံ၏ Financing Asia’s Transition Partnership(FAST-P)အစီအစဉ်သို့ ပေါင်သန်း ၇၀ အထိထည့်ဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယူကေနိုင်ငံ၏ ထောက်ပံ့မှုကို ဗြိတိသျှအပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု(British International Investment-BII)မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု၊ ကာဗွန်လျော့နည်းစွမ်းအင်စီမံကိန်းများ၊တီထွင်ဆန်းသစ်မှု ရှိသည့်စီးပွားရေးပုံစံများ၊ စွမ်းအင်ရရှိမှုလုံလောက်ရေးနှင့် ရာသီဥတုဆိုင်ရာခံနိုင် ရည်ရှိရေးတို့အတွက်ပေးအပ်မည်ဖြစ်ပါသည်။ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ယူကေ-စင်ကာပူမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုတွင် အဓိကခြေလှမ်းဖြစ်ပြီး နှစ်နိုင်ငံ၏ကတိကဝတ်ဖြစ်သည့် အာရှဒေသ၏သဘာဝပတ်ဝန်းကျင်ကိုအထောက် အကူပြုသည့် စွမ်းအင်ကူးပြောင်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ရန်အတွက်ဖြစ်ပါသည်။
နှစ်နိုင်ငံသည် ဒေသတွင်း၌ ရေရှည်တည်တံ့သည့် အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အတူတကွဆောင်ရွက်လျက်ရှိပြီး ကူညီထောက်ပံ့မှုများ၌ စီမံကိန်းများ၏ကနဦးအဆင့်တွင် ပူးတွဲနည်းပညာအကူ အညီများပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ နိုင်ငံများအတွက် ပိုမိုသန့်ရှင်းသည့်စွမ်းအင်သို့ အသွင်ကူးပြောင်းရေး လက်တွေ့ကျသည့်ဖြေရှင်းချက် များပေးခြင်းစသည်တို့ပါဝင်ပါသည်။ FAST-P အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် စင်ကာပူနိုင်ငံနှင့် အခြားနိုင်ငံတကာမှ မိတ်ဖက်များနှင့်အတူ ယူကေနိုင်ငံသည် အဓိကအရင်းအနှီးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ငွေကြေးလိုအပ်ချက်များအတွက် အကူအညီပေးလျက်ရှိပါသည်။
စင်ကာပူဒုတိယဝန်ကြီးချုပ် Gan Kim Yong က “FAST-P အစီအစဉ်တွင် ယူကေနိုင်ငံက ပါဝင်လာမှုကိုကြိုဆိုကြောင်း၊ FAST-P အစီအစဉ်သည် စိတ်သဘောထားတူညီသည့် အစိုးရ၊ ပုဂ္ဂလိကနှင့်ပရဟိတမိတ်ဖက်များကိုစုစည်းထားသည့်ကွန်ရက် တစ်ခုဖြစ်ကြောင်း၊ အဓိကမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ David Lammy က “၂၀၂၅ခုနှစ်သည် ယူကေနိုင်ငံနှင့် စင်ကာပူနိုင်ငံသံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ်ဖြစ်ကြောင်း၊ အာဆီယံသည် လျင်မြန်စွာတိုးတက်နေသည့် စီးပွားရေးအင်အားစုတစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံမိတ်ဖက်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုကြောင်း”ပြောကြားခဲ့ပါသည်။ BII ၏မန်နေးဂျင်းဒါရိုက်တာ Srini Nagarajan က“ယူကေ၏ဖွံ့ဖြိုးတိုးတက်မှုဘဏ္ဍာရေးအဖွဲ့အစည်းအနေဖြင့် အရှေ့ တောင်အာရှ၏သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် စွမ်းအင်သို့ အသွင်ကူးပြောင်းရေးကို ထောက်ပံ့ကူညီရန်အတွက် လမ်းညွှန်ချက်ရရှိထားပြီးဖြစ် ကြောင်း၊ FAST-P တွင် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်၍ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း၊ ရာသီဥတုဆိုင်ရာစီမံကိန်းများဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ဒေသတွင်း၌ ပုဂ္ဂလိကအရင်း အနှီးစုစည်းရန်အစီအစဉ်တွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ Monetary Authority of Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)