“စီးပွားရေးမူဝါဒများမှာ အလွယ်တကူပြောင်းလဲ၍မရသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းအပြီးတွင်လည်း အမေရိကန်အကောက်ခွန်နှုန်းသတ်မှတ်မှု၏ သက်ရောက်မှုအကျိုးဆက်မှာ ကြာရှည်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းသတ်မှတ်မှု၏ သက်ရောက်မှုအကျိုးဆက်မှာ ယာယီဖြစ်သည်ဟူသောအချက်ကို ၎င်းအနေဖြင့် ယုံကြည်ခြင်းမရှိကြောင်း” စင်ကာပူနိုင်ငံ၊ ဝါရင့်ဝန်ကြီး Lee Hsien Loong က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် စင်ကာပူစီးပွားရေးအသိုက်အဝန်း(Economic Society of Singapore)၏ နှစ်ပတ်လည်ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။
ဝါရင့်ဝန်ကြီး Lee Hsien Loong က “ကုန်သွယ်ရေးမူဝါဒ၊ စီးပွားရေးမူဝါဒတို့ကို ချမှတ်ပြီးပါက နောက်ကြောင်းပြန်၍မရကြောင်း၊ အကျိုးဆက်များရှိမည်ဖြစ် ကြောင်း၊ အနာဂတ်အမေရိကန်နိုင်ငံ၏ ခေါင်းဆောင်များက အကောက်ခွန်နှုန်းကို ပြန်လည်ဖြေလျှော့မှုများပြုလုပ်ပါက အကောက်ခွန်ဆိုင်ရာ အကာအကွယ်များအပေါ်မှီခိုပြီး အကျိုးစီးပွားများစွာရရှိနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ကန့် ကွက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယခင်သမ္မတ Joe Biden သည်လည်း ဒေါ်နယ်ထရမ့်၏ ပထမသမ္မတသက်တမ်းတွင် တရုတ်နိုင်ငံအပေါ် ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားအပေါ် ပြန်လည်ပြုပြင်မှုမပြုလုပ်ခဲ့ကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံရေးအရကြည့်ပါက ချမှတ်ထားပြီးဖြစ်သည့် အကောက် ခွန်နှုန်းများကို ယခင်အခြေအနေအထိ ပြန်လည်ဖြေလျှော့မှုမှာ မဖြစ်နိုင်ကြောင်း၊ ယခင်ခေါင်းဆောင်များက အကာအကွယ်ပေးခဲ့မှုများကို မိမိလက်ထက်တွင် ဖယ် ရှားပေးခဲ့မှုအတွက် မေးခွန်းထုတ်စရာဖြစ်လာနိုင်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ကျန်ကမ္ဘာ့နိုင်ငံများနှင့်စီးပွားရေးဆောင်ရွက်ရမည်ဖြစ်ရာ လုပ်ထုံး လုပ်နည်းများကိုပြောင်းလဲရန် ကြိုးစားလာမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ပိုမိုပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်သည့်နည်းလမ်းဖြင့် ကမ္ဘာ့စီးပွားရေးဝန်းကျင်တွင် ပြန်လည်ပါဝင်ဆောင်ရွက်လာမည်ဖြစ်သည့်အတွက် ဒေါ်နယ်ထရမ့်က အကောက်ခွန်နှုန်းသတ်မှတ်မှုမှာ ယာယီဟုရည်ညွှန်းကြောင်း” ပြောကြားခဲ့ပါ သည်။
အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းသတ်မှတ်မှုများနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများအတွက် အကြံပြုချက်အနေဖြင့် “စိတ်သဘောထားတူညီသည့်နိုင်ငံများအနေ ဖြင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Comprehen sive Economic Partnership)နှင့် ပစိဖိတ်ဒေသမိတ်ဖက်ပြုဆောင်ရွက်မှုအတွက် ဘက်စုံတိုးတက်ရေးသဘောတူညီချက်(Comprehensive and Progressive Agreement for Trans-Pacific Partnership)ကဲ့သို့သောစင်္ကြံများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ကြောင်း၊ နိုင်ငံစုံပါဝင်သည့် မူဘောင်ပြုလုပ်ရန် ကြိုးစားသင့်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)