International News

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို သက်တမ်းတိုးမြှင့်ခြင်းသည် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် အခက်အခဲများတွေ့ကြုံ

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်စုစုပေါင်းတင်ပို့မှု၏ ၄၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် အကြီးဆုံးဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံမှ ပုံမှန်နှင့်ကြိတ်ခွဲထားသည့်ဆန်တင်သွင်းမှုကို ၂၀၂၅ ခုနှစ်ကုန်အထိရပ်ဆိုင်းထားရန် ဆက်လက်သက်တမ်းတိုးမြင့်သည့် ဖိလစ်ပိုင် ၏ဆုံးဖြတ်ချက်ကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအကြားတွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိပါသည်။

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က ပုံမှန်နှင့် ကြိတ်ခွဲထားသည့် ဆန်တင်သွင်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆိုင်းငံ့ရန်သက်တမ်းတိုးသည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ပြီးခဲ့သည့်တစ်ပတ်က တရားဝင်ပြန်တမ်းမှာ ထုတ်ပြန်ခဲ့သည့် အဆိုပါအမိန့်သည် အဓိကကျသည့် စီးပွားရေးအေဂျင်စီများ၏ အကြံပြုချက်များအပေါ် အခြေခံထားကြောင်း၊ဒေသခံတောင်သူများကို ကာကွယ်ရန်၊ ဈေးကွက်တည်ငြိမ်အောင် လုပ်ဆောင်ရန်နှင့် စားသုံးသူများအား ကာကွယ်ရန်ရည်ရွယ်သော်လည်း ဂျပန်ဆန်၊ အနက်ရောင်ဆန်၊ ဘာစမာတီဆန်ကဲ့သို့သော အထူးဆန်အမျိုးအစားများကို ချန်လှပ်ထားကြောင်း ရေးသားဖော်ပြထားပါသည်။

မကြာသေးခင်က တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ဖိလစ်ပိုင်သည် ၎င်းတို့၏ပြည်တွင်းဆန်ထောက်ပံ့မှုကို ပြန်လည်ဖြည့်တင်းရန်အတွက် ဒီဇင်ဘာတွင် ဆန်တင်သွင်းမှုကို ပြန်လည်စတင်မည်ဟုမျှော်လင့်ထားသည့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအား အံ့အားသင့်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်စားနပ်ရိက္ခာအသင်းဥက္ကဋ္ဌဖြစ်သူ Đỗ Hà Nam က စီးပွားရေးလုပ်ငန်းများအနေဖြင့် မူဝါဒအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ရန်အတွက် အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ဗီယက်နမ်ကုမ္ပဏီအများအပြားအနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ဖွင့်လှစ်ရန်အချိန်ကို စောင့်စားနေမည့်အစား အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ ဈေးကွက်များကွဲပြားစေရန် ဆောင်ရွက်သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

လက်တစ်လောရေကြီးရေလျှံမှုများကြောင့် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ဝယ်လိုအားမြင့်တက်လာသောကြောင့် ပြည်တွင်းဈေးကွက်သည် ဆန်ကုန်သည်များအတွက် အဓိကထွက်ပေါက်ဖြစ် ကြောင်း VFA ဥက္ကဋ္ဌက Người Lao Động(Labourers) သတင်းစာတိုက်သို့ ပြောကြားခဲ့သည်။

ဆန်ရိတ်သိမ်းရာသီကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ကုန်ပစ္စည်းများမှာ အကန့်အသတ်ရှိသော်လည်း ဈေးနှုန်းများမှာနိမ့်ကျနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၇.၂ သန်းတင်ပို့ခဲ့ပြီး ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၁ ထိရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ထိပ်တန်းဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၄၁.၄ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းနောက်တွင် ဂါနာ ၁၂.၃ ရာခိုင်နှုန်းနှင့် အိုင်ဗရီကို့စ် ၁၁.၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

ပို့ကုန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်သို့ တင်ပို့မှုမှာ ၂၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဂါနာနှင့် အိုင်ဗရီကို့စ်သို့ တင်ပို့မှုများမှာ ၄၇.၃ ရာခိုင်နှုန်းနှင့် ၉၄.၅ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ စီးပွားရေးကျဆင်းလျက်ရှိသော်လည်း ဗီယက်နမ်ဆန်သည် ဒေသတွင်းပြိုင်ဖက်များထက် ဈေးနှုန်းမြင့်မားနေဆဲဖြစ်ပြီး ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသည့် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဒေါ်လာမှ ၄၃၀ ခန့်ထိရှိကြောင်း၊ ထိုင်းဆန်မှာ အမေရိကန်ဒေါ်လာ ၃၃၈ နှင့် အိန္ဒိယဆန်အမျိုးအစားမှာ အမေရိကန်ဒေါ်လာ ၃၄၄ မှ ၃၅၀ထိရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်ဆန်လုပ်ငန်းအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Lê Thanh Tùng ၏အဆိုအရ ဈေးကွက်ကွဲပြားမှုနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော ဆန်ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် အဓိကဗျူဟာများအဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။  

ဗီယက်နမ်ဆန်သည် ယခုအခါ နိုင်ငံပေါင်း ၁၅၀ ခန့်သို့ တင်ပို့လျက်ရှိပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိုးများလာသော ဝယ်လိုအားသည် အာရှ၏ အတက်အကျများကို ဖြည့်ဆည်းပေးပါသည်။ တင်ပို့သူ များအနေဖြင့် ယှဉ်ပြိုင်နိုင်သော အရည်အသွေးနှင့် ကုန်ကျစရိတ်နည်းပါးပြီး အမြတ်အစွန်းတည်ငြိမ်သော ပြောင်းလွယ်ပြင်လွယ်ရှိသော သီးနှံစိုက်ပျိုးမှုများဖြင့် ဈေးကွက်များ ကွဲပြားအောင် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Phùng Đức Tiến က ဗီယက်နမ်သည် ယခုနှစ်တွင် တန်ချိန် ၈ သန်းခန့်တင်ပို့နိုင်ပြီး ထိုင်းနိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်ပို့သူအဖြစ် ၎င်းတို့၏နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ကြောင်း ပြောကြားခဲ့သည်ဟုဖော်ပြထားသည်။  

Source: https://infoarroz.org/blog/2025/11/17/philippines-extends-rice-import-ban-raising-risks-for-viet-nam-exports/

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News