အိန္ဒိယနိုင်ငံသည်တရုတ်နိုင်ငံမှ စတင်ထွက်ရှိသော သို့မဟုတ် တင်ပို့သောပိုလီယက်စတာ အမျှင်ကြမ်းချည်(Polyester Textured Yarn-PTY)များစုပြုံတင်သွင်းမှုအပေါ် ဆန့်ကျင်ရေးစုံစမ်းစစ်ဆေးမှုတစ်ခုစတင်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးကုစားမှုဆိုင်ရာညွှန်ကြားမှုဦးစီးဌာန(DGTR)က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၎င်းစုံစမ်းစစ်ဆေးမှုသည် Reliance Industries Limited နှင့် Wellknown Polyester Limited တို့က လျှောက်ထားတင်ပြခဲ့ခြင်းအပေါ်အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် DGTR က “လျှောက်ထားသူများသည် တရုတ်နိုင်ငံမှ စတင်ထွက်ရှိသော သို့မဟုတ် တင်ပို့သော PTY သည် ပြည်တွင်းလုပ်ငန်းအပေါ် အကြီးအကျယ်နစ်နာထိခိုက်မှုဖြစ်စေခဲ့သည်ဟုစွပ်စွဲထားသည်”ဟု ပြောကြား ထားသည်။
အဆိုပါလျှောက်လွှာကို Filatex India Limited၊ Madelin Enterprises Private Limited၊ Garden Silk Mills Limited၊ Indorama Synthetics Limited နှင့် Sanathan Textiles Ltd. တို့က ထောက်ခံထားကြသည်။
DGTR က တရုတ်နိုင်ငံမှ တင်ပို့သူများက အိန္ဒိယပြည်တွင်းဈေးကွက်တွင် ထိုထုတ်ကုန်ကို စုပြုံတင်ပို့ဈေးလျှော့ရောင်းချနေကြောင်း (Dumping)လုံလောက်သည့် မူလထင်မြင်ချက်ဆိုင်ရာ အထောက် အထားများရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိစုံစမ်းစစ်ဆေးမှုအတွက်စုံစမ်းစစ်ဆေးကာလ(Period of Investigation-POI)မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပြီး စုံစမ်းစစ်ဆေးမှု၏ ထိခိုက်နစ်နာမှု ကာလသည် ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၄ ကာလများနှင့် စုံစမ်းစစ်ဆေးကာလ(POI)တို့ကို အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: India begins anti-dumping probe on Polyester Textured Yarn exports from China, The Economic Times, 20 November 2025
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)