အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် လာမည့် ၁၀ နှစ်အတွင်း ၄ % ကြီးထွားလာနိုင်ကြောင်းနှင့်နိုင်ငံအနေဖြင့် ၎င်း၏ဂိုဒေါင်(ware house) အခြေခံအဆောက်အအုံများကို မြှင့်တင်ရန်လိုအပ်မည်ကြောင်း Niti Aayog အဖွဲ့ဝင် ပါမောက္ခရာမက်ရှ်ချန်းဒ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
PHDCCI ကုန်သည်ကြီးများအသင်းက စီစဉ်ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ချန်းဒ်က ပြောကြားရာတွင် စိုက်ပျိုးရေးထွက်ကုန်များအတွက် ဝယ်လိုအားသည် ၂.၅% နှုန်းတိုးလာမည်ဖြစ်ကြောင်း၊ လာမည့် ၁၀ နှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် ၄ % ကြီးထွားမှုကို အလွယ်တကူမှန်းဆနိုင်ကြောင်းနှင့် အိန္ဒိယ၏စိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ၃.၇ % ကြီးထွားမှုနှုန်းရှိခဲ့ကြောင်း၊ သို့ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ၏ ဝယ်လိုအားမှာ ယင်းနှုန်းအတိုင်း မြင့်တက်လာခြင်း မရှိကြောင်း၊ ထို့ကြောင့် ယင်းထွက်ကုန်ပစ္စည်းများကို စက်မှုကဏ္ဍအတွက်အသုံးပြုရန် သို့မဟုတ် ပို့ကုန်ဈေးကွက်ကို တိုးချဲ့ရန်လိုအပ်ပါကြောင်း၊ ပို့ကုန်ဈေးကွက်ကိုတိုးချဲ့ခြင်းက ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုတစ်ရပ်ဖြစ်သည်ဟု ထင်မြင်ယူဆကြောင်းပြောကြားခဲ့သည်။
ထို့ပြင် ချန်းဒ်က ဆန်နှင့်ဂျုံအတွက်ဂိုဒေါင်လိုအပ်ချက်များသည် ကွဲပြား ခြားနားမှုမရှိသော်လည်း ပြောင်းဖူးကိစ္စတွင်မူကွဲပြားကြောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့်ပမာဏထက်ပိုမို၍ ကုန်ပစ္စည်းများသိုလှောင်ခွင့်မပြုပါက၊ဂိုထောင်စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဥပဒေစည်းမျဉ်းများသည် အရေးပါလာမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာဥပဒေသုံးရပ်ကို အကောင်အထည်ဖော်ရန် မအောင်မြင်ခဲ့သည့်အတွက် အခြေခံလိုအပ်သောကုန်ပစ္စည်းဥပဒေ(Essential Commodities Act)ကို ပြန်လည်အသုံးပြုရန် လိုအပ်ချက်မှာ ယခုအခါ မရှိသလောက်နည်းသွားပြီဟု မှတ်ချက်ပြုခဲ့သည်။
အများပြည်သူ၏အမြင်နှင့် ဆန့်ကျင်ဘက်အနေဖြင့် အိန္ဒိယတွင် အစား အသောက်ဆုံးရှုံးမှု(စိုက်ပျိုးရေးထုတ်ကုန်ဆုံးရှုံးမှု)များသည် မြင့်မားခြင်းမရှိကြောင်း၊ နို့ထွက်ပစ္စည်းတွင် မိမိတို့၏ ဆုံးရှုံးမှုမှာ ၀.၅ ရာခိုင်နှုန်းသာရှိပါကြောင်း၊ နို့ဆိုသည်မှာ ပျက်စီးလွယ်ဆုံးကုန်ပစ္စည်းဖြစ်ကြောင်း၊ ယင်းအချက်ကို မိမိအနေဖြင့် ကုလသမဂ္ဂညီလာခံ၌လည်း ပြောကြားခဲ့ကြောင်း ချန်းဒ်က ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ အစားအသောက်ဆုံးရှုံးမှုများ၏ ကြီးမားသောအစိတ်အပိုင်းကို ကာကွယ်နိုင်ကြောင်းပြောကြားမှုနှင့်အတူ ချန်းဒ်က ဂိုဒေါင်များတွင် ရင်းနှီးမြှုပ်နှံရန် ကြီးမားသောမက်လုံးတစ်ခုရှိနေကြောင်း၊ဆုံးရှုံးမှုများကို ကာကွယ်နိုင်လေလေ၊ ဂိုဒေါင်များတွင်ရင်းနှီးမြှုပ်နှံမှုအတွက် မက်လုံးပိုများလေလေဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစားအစာသည် အိမ်ထောင်စုသုံးစွဲမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ကုန်ပစ္စည်းသိုလှောင်ထိန်းသိမ်းရန်(buffer stocks)၊ တစ်နှစ်ချင်းစီနှင့် နှစ်အလိုက်အစားအသောက်ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ဂိုဒေါင်များလိုအပ်ကြောင်းကိုလည်း ချန်းဒ်က အလေးပေးပြောကြားခဲ့သည်။
အိန္ဒိယသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်သူဖြစ်ပြီး ၂၀၂၄-၂၅ ခုနှစ်တွင် ကမ္ဘာ့အဋ္ဌမအကြီးဆုံးတင်ပို့သူဖြစ်လာသကဲ့သို့ စားနပ်ရိက္ခာထုတ်လုပ်မှုသည် တန်ချိန် ၃၅၄ သန်းအထိ စံချိန်တင်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။
၂၀၃၀-၃၁ ခုနှစ်တွင် ထုတ်လုပ်မှုသည် တန်ချိန် ၃၆၈ သန်းအထိ မြင့်တက်လာမည်ဖြစ်သဖြင့် စားနပ်ရိက္ခာဖူလုံရေးကိုကာကွယ်ရန်၊ လယ် သမားဝင်ငွေမြှင့်တင်ရန်နှင့် တားဆီးကာကွယ်၍ရသော ဆုံးရှုံးမှုများကိုလျှော့ချရန်အတွက် သိပ္ပံနည်းကျသိုလှောင်ခြင်းနှင့် ရိတ်သိမ်းပြီးနောက်ဆောင်ရွက်ရမည့်စနစ်များကို အားဖြည့်ရန် လိုအပ်လျက်ရှိကြောင်းလည်း သိရှိရသည်။
Source: Farm sector can maintain 4% growth over next 10 years: Niti member Ramesh Chand, The Economic Times, November 20, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)