ဖိလစ်ပိုင်အစိုးရသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖြစ်ပေါ်လာနိုင်သည့်စွမ်းအင်အကျပ်အတည်းနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှု၏ သက်ရောက်မှုများကို လျော့ပါးစေရန် အာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank-ADB)ထံမှ ဖိလစ်ပိုင်ပီဆို ၉၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ)အထိချေးယူနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း ဖိလစ်ပိုင်အခြေစိုက် Manila Bulletin မီဒီယာ၏ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည့် သတင်းဖြစ်ပါသည်။
အဆိုပါသတင်းတွင် ဘဏ္ဍာရေးဝန်ကြီး Frederick D. Go က အမေရိကန်နှင့်အီရန်တို့အကြား ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံတကာရိုက်ခတ်မှုများမှ ပြည်တွင်းစီးပွားရေးကို ကာကွယ်ရန် ADB ၏စီးပွား ရေးကျဆင်းမှုတုံ့ပြန်ရေးပံ့ပိုးမှုအစီအစဉ်(Countercyclical Support Facility-CSF)ကို အသုံးပြုရန်ရည်ရွယ်ထားကြောင်း၊ "အသက်မွေး ဝမ်းကျောင်း၊ စက်မှုလုပ်ငန်း၊ စားနပ်ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာပေါင်းစည်းပံ့ပိုးမှုအစီအစဉ်(Unified Package for Livelihoods ,Industry, Food, and Transport-UPLIFT)အောက်ရှိ တုံ့ပြန်ဆောင်ရွက်မှုများအတွက် ADB ၏ CSF အစီအစဉ်မှ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံအထိရယူနိုင်ရန်ဆန္ဒပြုထားပါကြောင်း၊ အဆိုပါရန်ပုံငွေကိုတိုးမြှင့်ရရှိပါက အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ၏ သက်ရောက်မှုများအပေါ် အစိုးရတစ်ရပ်လုံး၏ တုံ့ပြန်ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နှင့် အစ္စရေးတို့က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့သည်ဟု အီရန်က စွပ်စွဲကာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန်အမိန့်ပေးခဲ့ပြီးနောက် ရေနံတင်သင်္ဘောများဖြတ်သန်းသွားလာမှုရပ်တန့်ခဲ့ရကြောင်း၊ ယင်းကြောင့် ရေနံဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေးမတည်မငြိမ်ဖြစ်ပေါ်လာစေခဲ့ကြောင်း ဖော်ပြထားပါသည်။
CSF အစီအစဉ်တွင် PUV ယာဉ်မောင်းများ၊ လယ်သမားများကဲ့သို့ ထိခိုက်လွယ်သည့်အုပ်စုများအတွက် အကူအညီများပါဝင်မည်ဖြစ်ပြီး၊ ကုန်ပစ္စည်းထောက်ပံ့မှုပြတ်တောက်မှုနှင့်သက်ဆိုင်သည့်အကျပ် အတည်းများ၏ သက်ရောက်မှုကိုလျော့ပါးစေရန် ရည်ရွယ်ထားကြောင်း၊ CSF သည် ပြင်ပအကျပ်အတည်းများကြုံတွေ့နေရသည့် အဖွဲ့ဝင်နိုင်ငံများအတွက် လျင်မြန်သော ဘတ်ဂျက်ပံ့ပိုးမှုပေးသည့် အစီအစဉ်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း(Global Financial Crisis-GFC)ကာလများတွင်လည်း အသုံးပြုခဲ့ကြောင်း၊ မားကို့စ်အစိုးရက ချေးငွေရရှိရန် အရေးတကြီး လုပ်ဆောင်နေသော်လည်း ADB ၏တင်းကျပ်သည့် အကဲဖြတ်စိစစ်မှုလုပ်ငန်းစဉ်များကို ဦးစွာအပြီးသတ်ရမည်ဖြစ်ကြောင်း၊ADB ချေးငွေသည် ယခုနှစ်ဒုတိယနှစ်ဝက် အတွက် အစိုးရ၏ချေးငွေရယူရေးမဟာ ဗျူဟာ၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ငွေကြေးဈေးကွက်အခြေအနေများအပေါ်မူတည်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်"ဈေးကွက်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး Retail Treasury Bonds(RTBs)များကို ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထုတ်ဝေနိုင်ဖွယ်ရှိသည်"ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ငွေတိုက်ဗျူရို(Bureau of the Treasury -BTr)သည် ၂၀၂၅ ခုနှစ်တွင် Retail Treasury Bonds (RTBs)များမှ ပီဆို ၄၂၅.၆ ဘီလီယံရရှိခဲ့ကြောင်း၊ ထို့ပြင် BTr က ၂၀၂၆ ခုနှစ်အတွက် ပြည်ပချေးငွေရယူရေးအစီအစဉ်ကို အမေရိကန်ဒေါ်လာဖြင့် ထုတ်ဝေသော ငွေချေးစာချုပ်များမှ ဒေါ်လာ ၂.၅ ဘီလီယံရရှိပြီးနောက် အပြီးသတ်ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်းသည် ၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပီဆို ၆.၇၉၃ ထရီ လီယံတန် နိုင်ငံတော်ဘတ်ဂျက်အတွက် နိုင်ငံတကာချေးငွေဈေးကွက်မှ ရန်ပုံငွေရှာဖွေခဲ့သည့် ဒုတိယနှင့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း BTr က ဖော်ပြထားပါသည်။
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)