အမေရိကန်သမ္မတက အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုမူဘောင် (framework deal) ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် Hormuz ရေလက် ကြားကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာပြီးနောက် ရေနံဈေးနှုန်းများသည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၅% ကျော်ကျဆင်းခဲ့ပါသည်။
အမေရိကန်သမ္မတက အီရန်နှင့်ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး နှစ်ဖက်နိုင်ငံမှ Hormuz ရေလက်ကြားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ရုပ်သိမ်းမည်ဟု ကြေညာပြီးနောက် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာခဲ့ပါသည်။
ဇွန်လ ၁၅ ရက်နေ့တွင် အမေရိကန် West Texas Intermediate (WTI)ရေနံ၏ အနီးဆုံးလအတွက် စာချုပ်ဈေးနှုန်းသည် ၁၂.၆.၂၀၂၆ ပိတ်ဈေးနှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး တစ်စည်လျှင် ဒေါ်လာ ၈၀ ခန့်သို့ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ့စံနှုန်းဖြစ်သော Brent ရေနံသည်လည်း ၅% ခန့်ကျဆင်းကာ တစ်စည်လျှင် ဒေါ်လာ ၈၃ ခန့်သို့ရောက်ရှိခဲ့ပါသည်။
သဘောတူညီမှုတွင်ပါရှိမည့် အပြန်အလှန်ပေးအပ်ကြမည့်လျှော့ပေါ့မှုများ၏အသေးစိတ်အချက်များကိုမူ ဖော်ပြထားခြင်းမရှိသေးသော်လည်း စျေးကွက်များသည် Hormuz ရေလက်ကြား ပြန်လည် ဖွင့်လှစ်လာနိုင်ခြင်းနှင့်အီရန်စစ်ပွဲအဆုံးသတ်ရန်ပိုမိုနီးစပ်လာခြင်းအပေါ် အပြုသဘော တုံ့ပြန်လျက်ရှိပါသည်။
အဆိုပါမူဘောင်သဘောတူညီမှုကို လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးရန်မျှော်လင့်ထားပြီး ယင်းကိစ္စရပ်နှင့်စပ်လျဉ်းပြီး ဥရောပ၊ အာရှနှင့်အမေရိကန်တို့တွင် စတော့ဈေးကွက်များမြင့်တက်လာခဲ့ပါသည်။ အာရှ-ပစိဖိတ်ဒေသတွင် တောင်ကိုရီးယား၏ အဓိကစတော့ဈေးကွက် အညွှန်းကိန်း KOSPI သည် ၅% ကျော်၊ ဂျပန်၏ Nikkei 225 သည် ၃% ခန့်၊ ဟောင်ကောင်၏ Hang Seng Index သည် ၀.၅% ခန့်နှင့်တရုတ်၏ ရှန်ဟိုင်းစတော့အိတ်ချိန်းအညွှန်းကိန်း(Shanghai Composite Index) သည် ၁.၅% ကျော်အသီးသီးမြင့်တက်ခဲ့ပါသည်။
သတင်းရင်းမြစ်။ https://www.euronews.com/business/2026/06/15/oil-drops-to-80-a-barrel-and-markets-rise-as-trump-touts-peace-agreement-with-iran
(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)