International News

အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲမျိုးစုံနှင့်သီးနှံများပျက်စီးဆုံးရှုံးမှုရှိ

Last Updated:

အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကကောက်ပဲသီးနှံများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ စသည့်ပဲမျိုးစုံအပါအဝင် ပဲပုပ်၊ ဝါနှင့် ဟင်းသီးဟင်းရွက်သီးနှံများ ကြီးမားစွာပျက်စီးပြီး လယ်သမားများဆုံးရှုံးမှုကြုံတွေ့ရနိုင်ကြောင်း သိရှိရသည်။

ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စားသုံးသူများသည် ဈေးများသို့ သွားရောက်ဝယ်ယူမှုကျဆင်းခဲ့ရာ မွမ်ဘိုင်းမြို့တွင် ဟင်းသီးဟင်းရွက်အများစု၏ ဈေးနှုန်းများသည် ၃၀-၄၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း၊ သို့ရာတွင် ရေကြီးနေသောနေရာများတွင် သီးနှံများပျက်စီးခဲ့သောကြောင့်  ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် ရက်သတ္တပတ်အနည်းငယ်အကြာတွင် စတင်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း ပြည်ပမှတင်သွင်းသည့် ပဲမျိုးစုံအများအပြားရရှိနိုင်မှုကြောင့် ဈေးနှုန်းများကို ထိန်းထားနိုင်မည်ဟုမျှော်လင့်ကြောင်း ကုန်သည်များက ပြောကြားထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွမ်ဘိုင်းသို့ ဟင်းသီးဟင်းရွက်များ ရောက်ရှိလာမှုမှာ သိသိသာသာကျဆင်းသွားခဲ့ကြောင်းနှင့်  အစိုဓာတ်လွန်ကဲမှုကြောင့် ပျက်စီးသွားသော ဟင်းသီးဟင်းရွက်များကို စွန့်ပစ်ခဲ့ရကြောင်း Vashi APMC(စိုက်ပျိုးထုတ်လုပ်ရောင်းချရေးကော်မတီ)မှ ဟင်းသီးဟင်းရွက်စျေးကွက်ဒါရိုက်တာ Shankar Pingale က ပြောကြားခဲ့သည်။

ကြက်သွန်နီဈေးနှုန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုမြင့်မားလာရန် မျှော်မှန်းထားသောကြောင့် ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းခန့်မြင့်တက်လာခဲ့သော်လည်း ကာနတာကပြည်နယ်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တို့မှ လာမည့်မိုးရာသီရိတ်သိမ်းမှုအပေါ် မိုးရွာသွန်းမှုများခြင်း၏ သက်ရောက်မှုကို အတိအကျမသိရသေးကြောင်း၊ Chittradurga ခရိုင်တွင် ကြက်သွန်နီသီးနှံပျက်စီးမှုတချို့ရှိခဲ့ကြောင်း၊ သို့ရာတွင် မိုးရွာသွန်းမှုလျော့နည်းလာသည်နှင့်အမျှ ရိတ်သိမ်းရန်အလားအလာပိုမိုကောင်းမွန်လာကြောင်း ဘင်ဂလူရူမြို့မှကြက်သွန်နီကုန်သည် S Anandan က ပြောကြားထားသည်။

ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် အိန္ဒိယတောင်ပိုင်းတွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လာကြောင်း၊ သို့ရာတွင် ယခုနှစ်၌ တောင်သူများက ကြက်သွန်နီ၀ယ်လိုအားနည်းသဖြင့် လက်ဝယ်သိုလှောင်ထားရှိမှုပိုမိုများပါကြောင်း၊ ကြက်သွန်နီသီးနှံအပေါ် အကျိုးသက်ရောက်မှုကို နားလည်ရန်အတွက် ၈ ရက်မှ ၁၀ ရက်ခန့်အထိစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း  သစ်သီးဝလံ ပန်းမန်ထွက်ကုန်တင်ပို့သူများအသင်း ဒုတိယဥက္ကဋ္ဌ Vikas Singh က ပြောကြားထားသည်။

ခရမ်းချဉ်သီးဈေးနှုန်းများသည် လွန်ခဲ့သည့်လတွင် ပြည်နယ်အသီးသီး၌ ၂၅ ရာခိုင် နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ဟိမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် မိုး သည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးမှုများကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ခရမ်းချဉ်သီးတစ်ကီလိုဂရမ်လျှင် ရူပီး  ၇၀(၃၅၀၀ ကျပ်ခန့်) ကျော်သွားခဲ့ သည်။

မဟာရက်ရှ်ထရာ၊ ကာနတာကနှင့် ဂူဂျာရတ်ပြည်နယ်တို့၏နေရာအနှံအပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မဟာရက်ရှ်ထရာပြည်နယ်တွင် ခရိုင် ၁၉ ခုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲပုပ်၊ ဝါဂွမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား ပျက်စီးစေခဲ့ကြောင်းသိရှိရသည်။

အစိုဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် မတ်ပဲစိုက်တောင်သူများသည် သီးနှံများကို ကြာရှည်သိုလှောင်ထားနိုင်မည်မဟုတ်ဘဲ ဆုံးရှုံးမှုအချို့ကြုံတွေ့ရဖွယ်ရှိကြောင်း၊ ၎င်းတို့၏ကုန်စည်အား စျေးကွက်သို့ အလျင်အမြန်ရောင်းချလာနိုင်သောကြောင့် မတ်ပဲဈေးနှုန်းများကျဆင်းစေနိုင်ကြောင်း  Four P International မန်နေဂျင်းဒါရိုက်တာ B Krishna Murthy က ပြောကြားထားသည်။

Source: Heavy rains damage vegetables, pulses crops, The Economic Times, August 20, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News