International News

အိန္ဒိယနိုင်ငံ၏ လက်ဖက်ခြောက်ဈေးနှုန်းသည် ဝယ်လိုအားလျော့နည်းမှုကြောင့် ၅၀ ရာခိုင်နှုန်းကျဆင်း

Last Updated:

ကင်ညာနှင့် နီပေါနိုင်ငံတို့မှ လက်ဖက်ခြောက်အား ဈေးနှုန်းသက်သာစွာဖြင့် တင်သွင်းမှုမြင့်တက်လာခြင်းနှင့် အမေရိကန်၏ဝယ်လိုအားအပေါ်သက်ရောက်မှုရှိသော Trump ၏ အခွန်စည်းကြပ်မှုများဆိုင်ရာ မသေချာမရေရာမှုများကြောင့် အိန္ဒိယလက်ဖက်ခြောက်ဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဩဂုတ် လတွင် တစ်ကီလိုဂရမ်လျှင် ၁၄ ရူပီးအထိကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

အကျိုးဆက်အနေဖြင့် ထုပ်ပိုးပြီးကုန်ချောလက်ဖက်ခြောက်များ၏ လက်လီစျေးနှုန်းများ ဆက်လက်ကျဆင်းသွားဖွယ်ရှိကြောင်း လူသုံးကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီများဖြစ်သည့် Hindustan Unilever(HUL) နှင့် Tata Consumer Products(TCPL)တို့က ပြောကြားခဲ့သည်။ လက်ဖက်ခြောက်လက်လီစျေးနှုန်းသည် ပြီးခဲ့သည့်နှစ်ဇူလိုင်မှ သြဂုတ်လကာလတူနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ကျဆင်းနေကြောင်း သိရှိရသည်။

လက်ဖက်ဈေးနှုန်းသိသိသာသာကျဆင်းမှုသည် အာသံ၊ အနောက်ဘင်္ဂလား၊ ဟိမာချယ်ပရာဒေ့ရှ်နှင့် တောင်အိန္ဒိယပြည်နယ်များတွင် လက်ဖက်စိုက်ပျိုးသူခန့်မှန်းခြေ ၂၄ သန်းခန့်အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း၊ ယင်းစိုက်ပျိုးသူများသည် ၂၀၂၄ ခုနှစ်၌ နိုင်ငံ၏ လက်ဖက်ခြောက်ထုတ်လုပ်မှု စုစုပေါင်းတွင် ၅၄ ရာခိုင်နှုန်းပါဝင်ခဲ့ကြောင်း  အိန္ဒိယနိုင်ငံလက်ဖက်ဘုတ်အဖွဲ့၏အချက်အလက်များအရ သိရသည်။

လက်ဖက်ကုန်ကြမ်းဈေးနှုန်းသည် ဧပြီ၊ မေလကတည်းက ဖိအားများခံနေရပြီး တစ်ကီလိုဂရမ်လျှင် ၂၂ ရူပီးဖြင့် ရောင်းချနေရကြောင်း၊ ကင်ညာနိုင်ငံ၏ လက်ဖက်ခြောက်ထုတ်လုပ်မှုပိုများလာသည်နှင့်အမျှ အိန္ဒိယသို့ စျေးနှုန်းချိုသာစွာတင်ပို့မှုမြင့်တက်ခဲ့ပြီး လက်ဖက်စျေးနှုန်းများ အလုံးစုံကျဆင်းခဲ့ကြောင်း Confederation of Indian Small Tea Growers Association(CISTA)၏ဥက္ကဋ္ဌ Bijoy Gopal Chakraborty က ပြောကြားခဲ့သည်။

အစိုးရအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏လက်ဖက်တင်သွင်းမှုသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကီလိုဂရမ် ၂၅ ဒသမ ၂၁ သန်းမှ ၂၀၂၅  ဘဏ္ဍာနှစ်တွင် ၅၀ ဒသမ ၁၄ သန်းသို့ နှစ်ဆတိုးလာကြောင်း သိရှိရသည်။

အိန္ဒိယသည် လက်ဖက်ခြောက်ကီလိုဂရမ် ၁၇ သန်းခန့်ကို အမေရိကန်သို့တင်ပို့ခဲ့ပြီး ၎င်း၏ စုစုပေါင်းလက်ဖက်တင်ပို့မှု ကီလိုဂရမ် ၂၅၅ သန်း၏ ၇ ရာခိုင်နှုန်းခန့်ပါဝင်ပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

ဂူဂျာရတ်ပြည်နယ်အခြေစိုက် Jivraj Tea ၏မန်နေးဂျင်းဒါရိုက်တာ Viren Shah က ထုတ်လုပ်မှုများပြားခြင်းကြောင့် လက်ဖက်ဈေးနှုန်းများလည်း ကျဆင်းသွားကြောင်းနှင့် ယခုအချိန်တွင် လက်ဖက်လက်လီဈေးနှုန်းများ ချက်ချင်းပြန်ကောင်းလာနိုင်ရန် မဖြစ်နိုင်သေးကြောင်းပြောကြားခဲ့သည်။ အိန္ဒိယသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် လက်ဖက် ၃၅၉ ဒသမ ၃၂ ကီလိုဂရမ်ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ကထက် ၄ ရာခိုင်နှုန်းတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။

လက်ဖက်ခြောက်ဈေးနှုန်းများသည် မကြာသေးမီက လေလံပွဲများအတိုင်း ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း ဈေးနှုန်းအလားအလာမှာ ဆက်လက်အားနည်းနေမည်ဟု မျှော်မှန်းထားကြောင်း TCPL မှမန်နေးဂျင်းဒါရိုက်တာ Sunil D'Souza က ဇူလိုင်လတွင် သုံးသပ်ပြောကြားခဲ့သည်။

Source: Raw tea leaf prices crash 50% amid surging imports and weak export demand, The Economic Times, August 21, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News