(၁၆) ကြိမ်မြောက် အဘူဒါဘီ - စင်ကာပူပူးတွဲဖိုရမ်(16th Abu Dhabi-Singapore Joint Forum -ADSJF)ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အဘူဒါဘီမြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် စင်ကာပူနိုင်ငံ၊ စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ကြီး Dr. Tan See Leng နှင့် Executive Affairs Authority(EAA)၏ဥက္ကဋ္ဌ H.E. Khaldoon Khalifa Al Mubarak တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။
ဖိုရမ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ်မြောက် အဘူဒါဘီ - စင်ကာပူပူးတွဲဖိုရမ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၏ တိုးတက်မှုအခြေအနေများ၊ Artificial Intelligence (AI)၊ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ စဉ်ဆက်မပြတ်ရေရရှိမှု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဝန်ကြီး Dr.Tan See Leng က “စင်ကာပူနိုင်ငံနှင့် ယူအေအီးတို့သည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများတိုးတက်လျက်ရှိကြောင်း၊ ယူအေအီးတွင် စင်ကာပူကုမ္ပဏီအများအပြား ဖွဲ့စည်းတည်ထောင်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် ဝမ်းသာကြောင်း၊ အစိုးရပိုင်းအဆင့်တွင် စွမ်းအင်နှင့်ဇီဝဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါ သည်။
H.E. Khaldoon Khalifa Al Mubarak က “ADSJF သည် ယူအေအီးနှင့် စင်ကာပူနိုင်ငံအကြား အပြန်အလှန်အကျိုးရှိမည့် နယ်ပယ်များကို ရှာဖွေရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်အတွက် စင်္ကြံတစ်ခုဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက်ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအတွက် အခွင့် အလမ်းများမှာ နှစ်နိုင်ငံအကြား ကာလကြာရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်ပြီး နယ်ပယ်ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် အသိပညာဖလှယ်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
လျှပ်စစ်ဓာတ်အားအပြန်အလှန်ချိတ်ဆက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာကို Singapore Energy Interconnections(SGEI) နှင့် TAQA Transmission တို့က ဝန်ကြီး Dr. Tan See Leng နှင့် H.E. Khaldoon Khalifa Al Mubarak ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဝန်ကြီး Dr. Tan See Leng က ဒူဘိုင်းမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် Singapore Enterprise Center ဖွင့်လှစ်ပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ယူအေအီးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်္ကြံကို ပိုမိုခိုင်မာစေရေးကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရင်းမြစ် Ministry of Trade and Industry
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)