၂၀၁၁ ခုနှစ်တွင် ကြီးမားသည့်ဆူနာမီကြောင့် ဖူကူရှီးမားအမှတ် (၁) နျူကလီးယားဓာတ်အားပေးစက်ရုံအရည်ပျော်ခဲ့ပြီးနောက် ထိုင်ဝမ်အနေဖြင့် ဂျပန်နိုင်ငံ၏ရေထွက်ကုန်များကို တင်သွင်းခွင့်ပိတ်ပင်ခဲ့ကြောင်းနှင့် ထိုသို့ပိတ်ပင်ခဲ့မှုကို ၂၁-၁၁-၂၀၂၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ကာ ဂျပန်နိုင်ငံမှ ရေထွက်ကုန်အားလုံးကို ထိုင်ဝမ်မှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်း ၂၄-၁၁-၂၀၂၅ ရက်နေ့ထုတ် The Japan News သတင်းစာတွင် “Taiwan Lifts Japanese Food Import Restrictions Amid China’s Suspension” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ယခင်က ဖူကူရှီးမား၊ အီဘာရာခိ၊ တိုချိဂိ၊ ဂွန်းမနှင့် ချိဘပြည်နယ်များမှ ရေထွက်ကုန်များကို ထိုင်ဝမ်သို့ တင်ပို့ခဲ့ရာတွင် ပင်ရင်းသက်သေခံလက်မှတ်များနှင့်အတူ ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများကင်းရှင်းကြောင်း စစ်ဆေးချက်အထောက်အထားများ တင်ပြရန် လိုအပ်ခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါအထောက်အထားများတင်ပြရန် မလိုအပ်တော့ကြောင်း၊ဂျပန်နိုင်ငံမှ ထိုင်ဝမ်သို့တင်ပို့လာသည့် ရေထွက် ကုန်များကို တင်သွင်းခွင့်ပိတ်ပင်ထားမှုအား ပြည်သူများထံမှ ရက် (၉၀) ကြာသဘောထားရယူပြီးပါက ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ပြန်လည်ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်ဝမ်မှ ကြေညာခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi မှ ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ ပြောကြားခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ တင်သွင်းခွင့်ရပ်ဆိုင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ထိုသို့ရပ်ဆိုင်းခဲ့သည့် ဆုံးဖြတ်ချက်နှင့်ဆန့်ကျင်ကာ ထိုင်ဝမ်အနေဖြင့် ဂျပန်နိုင်ငံမှ ထိုင်ဝမ်သို့ တင်ပို့လာမည့်ရေထွက်ကုန်များကို ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုင်ဝမ်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံအရည်ပျော်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ တင်ပို့လာသည့် ဂျပန်စားသောက်ကုန် ၂၇၀,၀၀၀ ကျော်တွင် ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများ ကင်းရှင်းမှုရှိ-မရှိစိစစ်ခဲ့ရာတွင် စားသောက် ကုန်အားလုံးမှာ စစ်ဆေးမှုအောင်မြင်ခဲ့ကြောင်းနှင့် မပြောပလောက်သည့် အန္တရာယ်အနည်းငယ်သာတွေ့ရှိရကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို ထိုင်ဝမ်သို့ ပြန်လည်တင်သွင်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်သူများလည်း မရှိသည့်အတွက် ဂျပန်နိုင်ငံမှ ထိုင်ဝမ်သို့ တင်သွင်းလာမည့် ရေထွက်ကုန်များကို အခြားသောနိုင်ငံများမှ တင်သွင်းလာသည့် စားသောက်ကုန်များနည်းတူသာ စိစစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)