International News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၇ လဆက်တိုက်ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များရရှိခဲ့သည့်အတွက် အမေရိကန်နိုင်ငံသို့ တင်ပို့မှုကျဆင်းမှုမှာ လျော့နည်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁.၇၅ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် ၇ လ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ၂၁-၁၁-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan’s exports to US fall 3% in October, down for 7th straight month” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်မှုမှာ ၃၃.၆ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး၊ ၅၂၉.၄ ဘီလီယံယန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ လေယာဉ်ဝယ်ယူမှု များပြားခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံမှ သွင်းကုန်များတင်သွင်းမှုမှာ ၂၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၁.၂၂ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့လာသည့် မော်တော်ယာဉ်များအပေါ် ယခင်က ၂၇.၅ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံခဲ့ရာမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံသွားရန် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူညီခဲ့ကြကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလလယ်တွင် အဆိုပါသဘောတူညီချက်အသက်ဝင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၇.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုမှာ ၄၉.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ဆေးပစ္စည်းများတင်ပို့မှုမှာ ၃၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများကုန်သွယ်မှုတွင် ဂျပန်နိုင်ငံဘက်မှကုန်သွယ်မှုလိုငွေ ၂၃၁.၈ ဘီလီယံရှိခဲ့ပြီး၊ ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၅၃.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၃.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၉.၇၇ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် ၂ လဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၁၀ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် ၂ လဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ ကုန်သွယ်မှုလိုငွေ ၇၆၆.၅ ဘီလီယံယန်းဖြစ်ပေါ်ခဲ့ပြီး၊ ၅၅ လဆက်တိုက် လိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၁.၇၁ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် သွင်းကုန်မှာ ၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂.၄၈ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံနှင့် တရုတ်အပါအဝင် အာရှနိုင်ငံများ ကုန်သွယ်မှုပြုလုပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေ ၈ ဆကျော် ပိုမိုများပြားခဲ့ပြီး၊ ၂၀၉.၁ ဘီလီယံယန်း ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အာရှနိုင်ငံများသို့ ပို့ကုန်မှာ ၄.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၅.၂၅ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် သွင်းကုန်မှာ ၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၅.၀၄ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့် အီးယူကုန်သွယ်မှုပြုလုပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ ကုန်သွယ်မှုလိုငွေ ၉၆.၈ ဘီလီယံယန်းဖြစ်ပေါ်ခဲ့ပြီး၊ ၂၁ လဆက်တိုက် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အီးယူသို့ ပို့ကုန်တင်ပို့မှုမှာ ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၉၀၇.၁ ဘီလီယံယန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အီးယူမှ တင်သွင်းမှုမှာ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၁ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News