International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၏ Dubai Trade မှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုပေါင်း ၁၂.၇၄ သန်းကို ဖယ်ရှားနိုင်ခဲ့‌

Last Updated:

ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခဲ့ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏပေါင်း ၃.၈၂ သန်းကို လျှော့ချနိုင်ခဲ့ပါသည်။

ဒူဘိုင်း၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးပူးပေါင်းလမ်းကြောင်းဦးဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Dubai Trade သည် Jebel Ali ဆိပ်ကမ်း၊ ဒူဘိုင်းအကောက်ခွန်နှင့် Jafza လွပ်လပ်သောကုန်သွယ်မှုဇုန်များအပါအဝင် အခြားသောဝန်ဆောင်မှုများအတွက် ၎င်း၏ဒစ်ဂျစ်တယ်ကမ်းလှမ်းဆောင်ရွက်မှုမှုများမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းလည်ပတ်မှုပေါင်း ၁၂.၇၄ သန်းကို ချွေတာနိုင်ခဲ့ခြင်းဖြင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် သိသာထင်ရှားသော မှတ်တိုင်တစ်ရပ်အဖြစ် အောင်မြင်ခဲ့ပါသည်။

ဤဒစ်ဂျစ်တယ်အရောင်းအဝယ်လုပ်ငန်းများသည် ကုန်သွယ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေး ဂေဟစနစ်တစ်လျှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမကဘဲ စာရွက်စာတမ်းပေါင်း ၄၂.၄၇ သန်းကျော်၏ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်နေမှုများကို ဖယ်ရှားနိုင်ခဲ့ကာ လမ်းမများပေါ်တွင် သွားလာနေကြသည့် မော်တော်ယာဉ် ၃၄၇ စီးကို နှစ်စဉ်ဖယ်ရှားခြင်းနှင့်ညီမျှသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏပေါင်း ၃.၈၂ သန်းခန့်ကို လျှော့ချနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ ဒူဘိုင်းအခြေစိုက်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစုကြီးဖြစ်သည့် DP World GCC မှ ဒူဘိုင်းကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုအရာရှိချုပ် Mohamed Ahmed AbuHamra က DP World GCC အတွက် ဒစ်ဂျစ်တယ်ကုန်သွယ်မှုလက်ရုံးတစ်ခုအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ခိုင်ခိုင်မာမာကတိပြုထားပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုတိုင်း၏ အရေအတွက်ပမာဏများ လျှော့ချပေးသွားမည်ဟု ယုံကြည်ထားပါကြောင်း ပြောကြားခဲ့ပါသည်။ DP World ၏မျှော်မှန်းချက်မှာ ပိုမိုတောက်ပသောအနာဂတ်အတွက် အရည်အသွေးမြင့်မားသည့်ကုန်သွယ်မှုဖြင့် လွယ်ကူချောမွေ့စေရန်ဖြစ်ပြီး ၎င်းမျှော်မှန်းချက်သည် ကုလသမဂ္ဂ၏Agenda ၂၀၃၀ အပြင် ရေရှည် တည်တံ့ခိုင်မြဲစေသည့် ထုတ်လုပ်မှုနှင့်စားသုံးမှုမူဘောင်တို့နှင့် အနီးစပ်ဆုံးတူညီမှုရှိကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တစ်ခုတည်းမှာပင် ၎င်းတို့၏ဖောက်သည်များအတွက် ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးခဲ့ရာတွင် လူကိုယ်တိုင်လာရောက်ဆောင်ရွက်ရမှုပေါင်း ၁၃ သန်းနီးပါးကို ဖယ်ရှားနိုင်ခဲ့ပြီး ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းသည် လုပ်ငန်းလည်ပတ်ရာတွင် အဆင့်မြှင့်တင်မှုများကိုဆောင်ရွက်ခြင်းမျှသာမဟုတ်ဘဲ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် သဘာဝအရင်းအမြစ်များကိုထိန်းသိမ်းခြင်း စသည့်မြင်သာထင်သာရှိသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကိုပါ ရရှိလာသည့်အတွက် Dubai Trade အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အပြုသဘောဆောင်သောပြောင်းလဲမှုများဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေသည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

Dubai Trade ၏ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ကတိကဝတ်ပြုမှုသည် စွမ်းအင်ကို များစွာချွေတာနိုင်ခဲ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာစာရွက် စာတမ်းများနှင့် စက္ကူပုံနှိပ်ခြင်းများကို လျှော့ချနိုင်ခြင်းဖြင့် Dubai Trade သည် လူနေအိမ်များရှိ ရေခဲသေတ္တာပေါင်း ၆၄၄၀ ကို နှစ်စဉ်လုံလုံ လောက်လောက် စွမ်းအင်ပေးနိုင်သည့်ယူနစ်(BTU)ပေါင်း သန်း ၅၄၁၀ နှင့်ညီမျှသည့် စွမ်းအင်သက်ရောက်မှုကို ရရှိခဲ့သည့် အပြင်၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုဖြေရှင်းနည်းလမ်းကြောင်းများသည် စက္ကူနှင့်ပုံနှိပ်ခြင်းများအတွက် ကုန်ကျစရိတ်ခန့်မှန်းခြေ AED ၉.၃၄ သန်းကို သက်သာစေခဲ့ပါသည်။

အဆိုပါလုပ်ငန်းစဉ်များကို ချောမွေ့အောင်ဆောင်ရွက်ပေးခြင်းဖြင့် Dubai Trade သည် သုံးစွဲသူများအား တန်ဖိုးမြင့်-အလုပ်များအပေါ်တွင် အာရုံစိုက်နိုင်စေပြီး ကုန်ထုတ်စွမ်းအားကို သိသာထင်ရှားစွာမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ကုန်သွယ်မှုလမ်းကြောင်းများသည် ကုန်သွယ်မှုအတွက် တစ်ခုတည်းသော လုပ်ငန်းပြတင်းပေါက်အဖြစ် ထမ်းဆောင်ရန် ကတိကဝတ်ပြုထားပြီး ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များအားလုံးအတွက် ဗဟိုချုပ်ကိုင်မှုရှိသည့် သဘာဝဂေဟစနစ်ကို ပံ့ပိုးပေးကာ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ကုန်ကျစရိတ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်‌ရောက်မှုတို့ကိုလည်း ရရှိစေကြောင်း ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခဲ့ခြင်းကြောင့် လုပ်ငန်းကုန်ကျစရိတ်များနှင့် အချိန်သက်သာမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျှင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်သည့်အပြင် CO2 ထုတ်လွှတ်မှု လျော့ကျခြင်းနှင့် စာရွက်စာတမ်းများလျော့ကျခြင်းစသည့် သဘာဝပတ်ဝန်းကျင်ကို သဟဇာတဖြစ်စေသည့်အကျိုးကျေးဇူးများရရှိစေပြီး ရေရှည်တည်တံ့ခိုင်မြဲစေသည့်အတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခဲ့ခြင်းအပေါ် ကုန် သွယ်ရေးလုပ်ငန်းဆောင်ရွက်ကြသူများမှ ထဲထဲဝင်ဝင်သိရှိနားလည်လိုက်ပါဆောင်ရွက်ကြမည်ဆိုပါက အကျိုးကျေးဇူးအများအပြားရရှိစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

အရင်းအမြစ် - dubaitrade.ae

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News