အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆက်ဆံရေးတင်းမာမှုများကို လျှော့ချရန်ရည်ရွယ်လျက် သမ္မတထရမ့်နှင့်သမ္မတရှီကျင့်ဖျင်တို့အကြား မကြာသေးမီက ဆွေးနွေးမှုတွင် အဓိကကျသည့်ဆွေးနွေးချက်တစ်ခုဖြစ်သော Fentanyl မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို တိုက်ဖျက်ရန်နှင့်ပတ်သက်၍ တရုတ်နိုင်ငံက အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံက Synthetic opioid ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတု ပစ္စည်းများအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း (၁၃)မျိုးကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများသို့ တင်ပို့မှုအား ကန့်သတ်ကြောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီချက်အရ အမေရိကန်နိုင်ငံသည် Fentanyl မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် သွင်းကုန်ခွန် (၂၀)ရာခိုင်နှုန်းကို (၁၀)ရာခိုင်နှုန်းသို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် လျှော့ချပေးခဲ့ပါသည်။ ထို့အပြင် တရုတ်အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်ကလည်း ကုမ္ပဏီများအနေဖြင့် အခွန်ဥပဒေများ၊ အကောက်ခွန်စည်းမျဉ်းများ၊ အင်တာနက်ဥပဒေနှင့် နိုင်ငံခြားငွေကြေးလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ အထက်ဖော်ပြပါမြောက်အမေရိကနိုင်ငံ(၃)နိုင်ငံမှအပ ကျန်နိုင်ငံများသို့ အဆိုပါဓာတုပစ္စည်းများကို ပို့ကုန်လိုင်စင်မလိုဘဲ တင်ပို့နိုင်ကြောင်းသိရှိရပြီး Fentanyl မူးယစ်ဆေးဝါးကို မက္ကဆီကိုနိုင်ငံ၌ အများဆုံးထုတ်လုပ်ကြောင်း သိရှိရပါသည်။
Source: AP News
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)