International News

ရုရှားအစိုးရသည် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးရန်စီစဉ်

Last Updated:

ရုရှားအစိုးရသည် ပြည်တွင်းလောင်စာဆီဈေးကွက်တည်ငြိမ်စေရန်အတွက် ရာသီအလိုက် ဝယ်လိုအားမြင့်မားလာမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို စက်သုံးဆီလုပ်ငန်းထုတ်လုပ်သူများအတွက် စက်တင်ဘာလအထိ ဆက်လက်သက်တမ်းတိုးရန်နှင့် ထုတ်လုပ်မှုမရှိသူများအတွက် အောက်တိုဘာလအထိ သက်တမ်းတိုးရန် စီစဉ် နေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ရေနံထုတ်လုပ်သူများနှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းသို့သက်တမ်းတိုးရန် ဆုံးဖြတ်ခြင်းသည် လက်လီလက်ကားရောင်းချသည့် ကဏ္ဍများတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းကို ထိန်းညှိနိုင်ရန်အကြံပြုချက်လည်းပါဝင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

စာရင်းအင်းများအရ ရုရှားနိုင်ငံရှိ လက်လီရောင်းချသည့်နေရာများတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၅ ခုနှစ်မှစ၍  သြဂုတ် ၁၁ ရက်အထိ ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

ရုရှားအစိုးရသည် မျိုးစေ့ချရာသီအပါအဝင် ဝယ်လိုအားတိုးလာနေသည့်ကာလအတွင်း စျေးကွက်ကို ဟန်ချက်ညီစေရန် အခြားနိုင်ငံများသို့ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ဩဂုတ်လ ၃၁ ရက်နေ့အထိ ယာယီကန့်သတ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ရေနံချက်စက်ရုံများနှင့် ၎င်းတို့ပိုင်ဆိုင်သည့်ရေနံကုမ္ပဏီများကို စက်သုံးဆီတင်ပို့ခွင့်ပြုခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် စက်တင်ဘာလအတွက် ထုတ်လုပ်သူအားလုံး ပါဝင်လာခဲ့သည်။ ယင်းအပြင် ထုတ်လုပ်သူမဟုတ်သူများအတွက် အောက်တိုဘာလကုန်အထိ စွမ်းအင်ဝန်ကြီးဌာန၏ဓာတ်ဆီ တင်ပို့မှုတားမြစ်ချက်အဆိုပြုချက်ကို ထောက်ခံခဲ့ကြောင်း Mr. Alexander Novak က ပြောကြားခဲ့သည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို လိုအပ်သလိုကန့်သတ်လျက်ရှိပြီး ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ထားခြင်းမရှိကြောင်း သိရသည်။

Source :        https://www.kommersant.ru/doc/7960126

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News