International News

ဂျပန်နိုင်ငံတွင် ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ပျမ်းမျှဈေးနှုန်းမှာ ၄,၃၁၆ ယန်းသို့ စံချိန်တင်မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံတွင် ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ အခွန်ပါပြီးပျမ်းမျှဈေးနှုန်းမှာ ၄,၃၁၆ ယန်း(အမေရိကန်ဒေါ်လာ ၂၇.၉ဒေါ်လာ)ရှိခဲ့ပြီး၊၂၀၂၅ ခုနှစ်၊ မေလမှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၁၄-၁၁-၂၀၂၅ ရက်နေ့တွင် ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ၁၅-၁၁-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Rice prices surge to new record of 4,316 yen per 5 kilograms” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်း ဂျပန်နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင် ၁,၀၀၀ နီးပါးတွင် ရောင်းချခဲ့သည့် ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၈၁ ယန်း (သို့မဟုတ်)၁.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် စစ်တမ်းစတင်ကောက်ယူခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်းနှင့် ၂ ပတ်ဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါ သည်။

တင်ဒါစနစ်အစား အရန်ဆန်များကို လက်ကားရောင်းချသူများထံ တိုက်ရိုက်ရောင်းချပေးခဲ့သည့်ကာလမတိုင်မီ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရက်သတ္တပတ်တာကာလအတွင်း ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ပျမ်းမျှဈေးနှုန်းမှာ ၄,၂၈၅ ယန်းရှိခဲ့ကြောင်း၊ အမှတ်တံဆိပ်ပါ ဆန်များ၏ ပျမ်းမျှဈေးနှုန်းမှာ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၄,၅၇၃ ယန်းရှိခဲ့ကြောင်းနှင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၃၃ယန်းမြင့်တက်ခဲ့ကာ ၄ ပတ်ဆက်တိုက်စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဆန်အရောနှင့် အရန်ဆန်အပါအဝင် အခြားသောဆန်များ၏ဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၁၇၆ ယန်းမြင့်တက်ခဲ့ပြီး၊ ၃,၇၃၂ ယန်းသို့ရောက်ရှိခဲ့ကြောင်းနှင့် ၂ ပတ်ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ အရန်ဆန်များကို ထုတ်ရောင်းပေးပြီးနောက် ပျမ်းမျှဆန်ဈေးမှာ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၃,၅၀၀ ယန်းသို့ ယာယီကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

ရိတ်သိမ်းပြီး ဆန်အသစ်များ ဈေးကွက်အတွင်း ရောက်ရှိခဲ့ခြင်းနှင့် အရန်ဆန်များရောင်းချမှု မြင့်တက်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ဆန်ဈေးနှုန်းမှာ ပြန်လည်မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လမှစတင်၍ ၁၀ ပတ်ဆက်တိုက်မြင့်တက်ခဲ့ကာ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ယန်း ၄,၀၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News