စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် အစိုးရ-ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဉာဏ်ရည်တု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ သင်္ဘောတည်ဆောက်ရေးနှင့် Quantum နည်းပညာအပါအဝင် ကဏ္ဍ ၁၇ ခုကို ဂျပန်နိုင်ငံအတွက် မဟာဗျူဟာကျသည့် ကဏ္ဍများအဖြစ် ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi အစိုးရအဖွဲ့က သတ်မှတ်ခဲ့ကြောင်း ၅-၁၁-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan to funnel investments in 17 strategic sectors to ignite growth” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ခိုင်မာအားကောင်းသည့် စီးပွားရေးတစ်ရပ်တည်ဆောက်ရန်နှင့် ဂျပန်နိုင်ငံ၏ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ခိုင်မာလာစေရန်ရည်ရွယ်၍ ဖွံ့ဖြိုးမှုမဟာဗျူဟာကို မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း၊ ဂျပန်အစိုးရအဖွဲ့မှ သတ်မှတ်ခဲ့သည့် မဟာဗျူဟာကဏ္ဍများကို ကြီးကြပ်ကွပ်ကဲရန်အတွက် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးလျှင် ကဏ္ဍ ၁ ခုစီတာဝန်ပေးအပ်ခဲ့ကြောင်း၊သက်ဆိုင်ရာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်းကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်သက်ရောက် နိုင်မည့်အတိုင်းအတာကို ကိန်းဂဏန်းဖြင့်တင်ပြကြရန်နှင့် နှစ်အလိုက် ဘဏ္ဍာငွေခွဲဝေလျာထားသွားရန် အစိုးရအဖွဲ့ဝန်ကြီးများအား ဂျပန်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ လုပ်သားဈေးကွက်ပြုပြင်ပြောင်းလဲရေး၊ ပြုစုစောင့်ရှောက်ရေးနှင့် ကလေးသူငယ်ပျိုးထောင်ရေးတို့ကြောင့်ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရေးအပါ အဝင်ကဏ္ဍ ၈ ခုတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုလည်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်ဝန်ကြီးချုပ်ဦးဆောင်၍ ဝန်ကြီးများအားလုံးပါဝင်သည့် Headquarters for the Japan Growth Strategy ကိုဖွဲ့စည်းရန် ၄-၁၁-၂၀၂၅ ရက် နေ့တွင် အစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်းဖော်ပြထားပါသည်။ အဆိုပါ Headquarters for the Japan Growth Strategy ၏အောက်တွင် Council for Japan’s Growth Strategy ကိုဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ အဆိုပါကောင်စီအနေဖြင့် ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ဖွံ့ဖြိုးမှုမဟာဗျူဟာရေးဆွဲနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံအတွက် မဟာဗျူဟာကျသည့် ကဏ္ဍများအဖြစ် သတ်မှတ်ခဲ့သည့်ကဏ္ဍ ၁၇ ခုမှာ (၁)ဉာဏ်ရည်တုနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ (၂) သင်္ဘောတည်ဆောက်ရေး (၃) Quantum နည်းပညာ (၄) Synthetic Biology and Biotechnology (၅) လေကြောင်းနှင့်အာကာသ (၆) ဒစ်ဂျစ်တယ်နှင့် ဆိုက်ဘာလုံခြုံရေး(၇)Content Industry (၈)စားသောက် ကုန်နည်းပညာ (၉)အရင်းအမြစ်၊ စွမ်းအင်ဖူလုံရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းရေး (၁၀)သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် နိုင်ငံ့ ကြံ့ခိုင်ရည်ရှိစေရေး (၁၁) Drug Discovery and Advanced Medicine (၁၂) Fusion Energy (၁၃) Materials (Critical Minerals and Component Materials) (၁၄)ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အဦများ (၁၅)ကာကွယ်ရေးကဏ္ဍ (၁၆)သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး (၁၇) Marine and Ocean တို့ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)