International News

၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ၁၇.၅ ထရီလီယံယန်းအထိ စံချိန်တင်များပြားခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေကောင်းမွန်ခဲ့ခြင်းကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၁ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၁၇.၅၁ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၁၁၃ ဘီလီယံ)ရှိခဲ့ကြောင်း ၁၁-၁၁-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan logs record 17.5 tril. yen current account surplus in April-Sept.” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်ရှိ ကုန်သွယ်မှုပိုငွေမှာ ၁၉၈၅ ခုနှစ်မှစတင်၍ အများဆုံးဖြစ်ခဲ့ကြောင်း၊ လောင်စာဆီဈေးနှုန်းများကျဆင်းခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုးမှာ ၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅၂.၆၁ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခင်က ကုန်သွယ်မှုလိုငွေ ၂.၃၆ ထရီလီယံယန်းရှိခဲ့ရာမှ ကုန်သွယ်မှုပိုငွေ ၄၉.၄ ဘီလီယံယန်းဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထား ပါသည်။

တရုတ်၊ ထိုင်ဝမ်နှင့်ဟောင်ကောင်တို့မှ တစ်ပိုင်းလျှပ်ကူးပစ္စည်းဝယ်ယူမှုများပြားလာခြင်းကြောင့် ပို့ကုန်မှာ ၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၅၂.၆၆ ထရီလီယံယန်းရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်နှင့် အခြားသောကုန်စည်များတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း၊ ခရီးသွားပိုငွေ ၃.၃၁ ထရီလီယံယန်းရှိခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေပြမှုမှာ ၁၁.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁.၈၆ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် ဘဏ္ဍာနှစ် နှစ်ဝက်ကာလအားလုံးတွင် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း၊ ခရီးသွားပိုငွေဆိုသည်မှာ ပြည်ပနိုင်ငံများတွင် ဂျပန်နိုင်ငံသားများ၏သုံးစွဲမှုပမာဏထက် နိုင်ငံခြား သားခရီးသွားဧည့်သည်များမှ ဂျပန်နိုင်ငံတွင် သုံးစွဲမှုပမာဏမှာ ပိုမိုများပြားခဲ့ခြင်းကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News