ဂျပန်နိုင်ငံတွင် ဆန်ဈေးနှုန်းများစံချိန်တင်မြင့်တက်လျက်ရှိခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ စီမံချက်တွင် ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူခွင့်ရရှိမည့် Rice Vouchers များပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၉-၁၁-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan gov't to include rice vouchers in upcoming economic stimulus” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် အချို့သောပြည်နယ်ဒေသများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူခွင့်ရရှိမည့် Rice Vouchers များကို ဖြန့်ဖြူးပေးပြီးဖြစ်ကြောင်းနှင့်ဗဟိုအစိုးရအနေဖြင့် အိမ်ထောင်စုများကို အဆိုပါ Rice Vouchers များဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီး Norikazu Suzuki က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံရှိ ပြည်နယ်ဒေသများအနေဖြင့် ပြည်နယ်အလိုက်ရရှိသည့် ဘဏ္ဍာငွေကိုအသုံးပြု၍ အစိုးရ၏ ပံ့ပိုးပေးမှုအစီအစဉ်များကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ဗဟိုအစိုးရအနေဖြင့် အချို့သော ပြည်နယ် အစိုးရများမှ ဆောင်ရွက်လျက်ရှိသည့် ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူခွင့်ရရှိမည့် Rice Vouchers များပေးအပ်နိုင်ရေးအတွက် ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင် ဆန် ၅ ကီလိုဂရမ် ၁ အိတ်၏ ပျမ်းမျှဈေးနှုန်းမှာ ၄,၀၀၀ ယန်း(အမေရိကန်ဒေါ်လာ ၂၆ ဒေါ်လာ)ရှိပြီး၊ စားသောက်ကုန်ဈေးနှုန်းများမှာလည်း ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပင်စင်လစာအပေါ် မှီခိုနေရသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များရှိသည့် အိမ်ထောင်စုများအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ သို့သော် Rice Vouchers များဖြန့်ဖြူးပေးနိုင်ရေးအတွက် အုပ်ချုပ်မှုနှင့်ပို့ဆောင်ခများကုန်ကျလာနိုင်မည်ဖြစ်ကြောင်း၊ အချို့သော ပြည်နယ်အစိုးရများအနေဖြင့် Rice Vouchers များကို ရရှိနိုင်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများထံသို့သာ ပေးပို့လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းကို ဖော်ဆောင်နိုင်ရေးအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ Rice Coupons တန်ဖိုး၏ ၁.၅ ဆ ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခင်အစိုးရအနေဖြင့် နိုင်ငံ့အရန်ဆန်များကို ထုတ်ရောင်းကာ ဆန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိတွင် နိုင်ငံ့အရန်ဆန်ပမာဏမှာ ပုံမှန်ထက်ပင်များစွာ ကျဆင်းလျက်ရှိကြောင်း အစိုးရသစ်၏ စိုက်ပျိုးရေးဝန်ကြီးက ပြောကြားထားကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ စီမံချက်ကို ဖော်ဆောင်နိုင်ရေးအတွက် ဖြည့်စွက်ရန်ပုံငွေအမြန်ဆုံးရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေါ်လျက်ရှိသည့်သက်ရောက်မှုများ လျော့နည်းစေရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Ms.Sanae Takaichi က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)