International News

ဂျပန်-တရုတ်-တောင်ကိုရီးယား(၃)နိုင်ငံအကြား Free Trade Agreement လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုများပြန်လည်စတင်သွားကြရန် Japan-China-ROK Trilateral Summit Meeting တွင် သဘောတူညီခဲ့

Last Updated:

၄ နှစ်ကျော်ကြာ ရပ်နားထားသည့် Japan-China-ROK Trilateral Summit Meeting ကို  ၂၇-၅-၂၀၂၄ ရက်နေ့၌ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြန်လည်စတင်ခဲ့ပြီး၊ ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြပါသည်။

အဆိုပါသတင်းတွင် ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်မှစတင်၍ ရပ်ဆိုင်းထားသည့်ဆွေးနွေးမှုများပြန်လည်စတင်နိုင်ရေးအပါအဝင် ၃ နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရေးအတွက် နက်ရှိုင်းသည့်ကူးသန်းရောင်းဝယ်မှုများပြုလုပ်သွားကြရန် သဘောတူညီခဲ့ကြကြောင်း၊ ထပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည့်ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ၃ နိုင်ငံ ထိပ်သီးဆွေးနွေးမှုများနှင့် ဝန်ကြီးအဆင့်ဆွေးနွေးပွဲများကို ပုံမှန်ကျင်းပသွားရန်နှင့် လာမည့်ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံတွင် ကျင်းပသွားရန် ၃ နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြကြောင်း ဖော်ပြထား ပါသည်။

ထို့အတူ ၃ နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော၊ လွတ်လပ်မျှတသော၊ ဘက်စုံလွှမ်းခြုံမှုရှိသော အရည်အသွေးမြင့် FTA ဖြစ်စေရေးဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-တရုတ်-တောင်ကိုရီးယား ၃ နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၆ ကြိမ်မြောက်အထိ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုကြောင့် FTA ချုပ်ဆို နိုင်ရေး ဆွေးနွေးမှုများပြန်လည်စတင်ကြရန် တရုတ်နိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း၊ FTA ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုများရပ်ဆိုင်းခဲ့ရခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-တရုတ်-တောင်ကိုရီးယားနိုင်ငံများအနေဖြင့် အပြန်အလှန်နားလည်မှုမြှင့်တင်နိုင်ရေး အရေးပါမှုကို အသိ အမှတ်ပြုခဲ့ကြပြီး၊ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်မျှော်တွေးဆောင်ရွက်သွားရမည့်အချိန်ဖြစ်ကြောင်းကိုလည်း သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။ ၃ နိုင်ငံခေါင်းဆောင်များအနေဖြင့် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်စေရေး ဆောင်ရွက်သွားကြရန်၊ အနောက်မြောက်အာရှဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိစေရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်နှင့် အဆိုပါဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိစေရေအတွက်လည်း ၃ နိုင်ငံလုံးတွင် တာဝန်ရှိကြောင်းနှင့် ငြိမ်းချမ်းတည်ငြိမ်မှုရရှိစေရေးအတွက်လည်း ညှိနှိုင်းမှုများဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ရာသီဥတုပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဒေသတွင်းတင်းမာမှုများနှင့်စပ်လျဉ်း၍လည်း ဂျပန်-တရုတ်-တောင်ကိုရီးယားခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့ကြကြောင်း၊ အရေးပါသည့်အရင်းအမြစ်များနှင့် အခြားသောကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိမှုသေချာစေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုမရှိစေရေးအတွက် ၃ နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ရပ်ထူထောင်သွားရန်လိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတ Mr. Yoon Suk Yeol က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၂၇-၅-၂၀၂၄) 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News