International News

၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃ သန်းကျော်လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်လာရောက်မှုမှာ ၂ လ ဆက်တိုက်အဖြစ် ၃ သန်းကျော်ရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့၏ ၁၅-၅-၂၀၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါသတင်း၌ ၂၀၂၄ ခုနှစ်တွင် ၂ လဆက်တိုက် နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်မှုမြင့်တက်ခဲ့ခြင်းကြောင့် နှစ်စဉ်နိုင်ငံခြားသားခရီးသွားဦးရေလာရောက်မှုမှာလည်း ၂၀၂၄ ခုနှစ်တွင် စံချိန်တင်များပြားနိုင်ကြောင်း၊ ဧပြီလတွင် အလုပ်သဘောနှင့်အပန်းဖြေခရီးလာရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်အရေ အတွက်မှာ ၃.၀၄ သန်းရှိပြီး၊ မတ်လတွင် ၃.၀၈ သန်းရှိခဲ့သည့်အတွက် အနည်းငယ်ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၅၆ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ကိုဗစ်မတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ပြင်သစ်၊ အီတလီနှင့် အရှေ့အလယ်ပိုင်း ဒေသမှ ခရီးသွားဧည့်သည်လာရောက်မှုမှာ စံချိန်တင်များပြားခဲ့ကြောင်းဖော်ပြထားပါသည်။

၃၄ နှစ်အတွင်း ယန်းငွေတန်ဖိုးအနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ခြင်းသည် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်ရာတွင် ကုန်ကျစရိတ်သက်သာစေခြင်းကြောင့် ဆွဲဆောင်မှုဖြစ်စေခဲ့ကြောင်း၊ထို့ကြောင့် ၂၀၂၄ ခုနှစ် တွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၀၁၉ ခုနှစ်တွင် စံချိန်တင်လာရောက်ခဲ့သည့် ၃၁.၉ သန်းကို ကျော်လွန်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်လာရောက်မှု များပြားသည့်ဒေသများတွင် ဒေသခံများမှ ကန့်ကွက်မှုများရှိခဲ့သော်လည်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုများပြားခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း၊ ဖူဂျီတောင်သို့ ခရီးသွားဧည့်သည်များအလွန်အကျွံလာရောက်ခဲ့မှုနှင့် ယခုနှစ်တောင်တက်ရာသီတွင် မတော်တဆထိခိုက်မှုများဖြစ်ပွားခဲ့မှုကြောင့် ဖူဂျီတောင်တက်ရာတွင် စည်းမျဉ်းများကန့်သတ်ခြင်းနှင့်တောင်တက်ခ ယန်း ၂,၀၀၀ ကောက်ခံ ခြင်းတို့ဖြင့် ခရီးသွားဧည့်သည်များလာရောက်မှုကို ထိန်းညှိသွားရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံသို့ နှစ်စဉ်ခရီးသွားဧည့်သည်အများဆုံးလာရောက်လေ့ရှိသည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ ပထမဆုံးအကြိမ်အဖြစ် ၅ သိန်းကျော်ရှိခဲ့ကြောင်း၊ သို့သော် အဆိုပါအရေအတွက်မှာ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းနည်းပါးနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။                                               

Source: The Japan Today (၁၆-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News