မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ အီရန်နျူကလီးယားစခန်းများအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့မှုကြောင့် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့ပြီး ပဋိပက္ခများပိုမိုပြင်းထန်လာပါက အနောက်အာရှနှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာဘီလီယံ ၄၀ ကျော်အထိ ထိခိုက်နိုင်ကြောင်းသိရသည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနဌာန(Global Trade Research Initiative-GTRI) တည်ထောင်သူ Ajay Srivastava ၏ပြောကြားချက်အရ သင်္ဘောလမ်းကြောင်းများ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် သို့မဟုတ် ဘဏ္ဍာရေးစနစ်များထိခိုက်ပျက်စီးပါက အိန္ဒိယ၏ကုန်သွယ်မှုစီးဆင်းမှုကို ဆိုးရွားစွာထိခိုက်စေပြီး ကုန်ကျ စရိတ်များတိုးမြင့်လာကာ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အန္တရာယ်များဖြစ်ပေါ် လာနိုင်ကြောင်း The Money Control က ယခုလ ၂၂ ရက်က ဖော်ပြထားသည်။
အီရန်နိုင်ငံအနေဖြင့် ကာတာကဲ့သို့သော ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်လာနိုင်သည်ဟု စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း၊ ထို့အပြင် အီရန်လွှတ်တော်က မဟာဗျူဟာမြောက်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ရန် အစီအမံတစ်ခုကို အတည်ပြုခဲ့သော်လည်း နောက်ဆုံးဆုံးဖြတ်ချက်မှာ အီရန်အမျိုးသားလုံခြုံရေးကောင်စီတွင်တည်ရှိကြောင်း သိရသည်။
ပင်လယ်ကွေ့နိုင်ငံများနှင့်အိန္ဒိယ၏ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလီယံကျော်ဖြင့် သိသိသာသာမြင့်မားနေသော်လည်း ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နီတို့တွင်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများသည် ကုန်စည်ပို့ဆောင်ရေးကို သက်ရောက်မှုရှိနိုင်ကြောင်းတွေ့ရှိရသည်။ အခြားအနောက်အာရှနိုင်ငံများ(အီရန်၊အီရတ်၊အစ္စရေး၊ဂျော်ဒန်၊လက်ဘနွန်၊ ဆီးရီးယားနှင့်ယီမင်)နှင့် အိန္ဒိယ၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ အထူး သဖြင့် အီရန်နှင့် အစ္စရေးတို့နှင့် ကုန်သွယ်မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပါက အထူးသဖြင့် ထိခိုက်လွယ်သည့် အနေအထားရှိကြောင်းသိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ရေနံစိမ်းတင်သွင်းမှု သုံးပုံနှစ်ပုံနီးပါးနှင့်LNG တင်သွင်းမှုထက်ဝက်ခန့်သည် အဆိုပါ လမ်းကြောင်းမှ ဖြတ်သန်းသွားလာသောကြောင့်ဖြစ်သည်။ အဆိုပါရေလက်ကြားပိတ်ဆို့မှုကြောင့် ရေနံဈေးနှုန်းများနှင့် အိန္ဒိယ၏တင်သွင်းမှုကုန်ကျစရိတ်များကို မြင့်တက်စေကာ ငွေကြေးဖောင်းပွမှုကိုပိုမိုဆိုးရွားစေနိုင်သည့်အတွက် နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို ထိခိုက်စေနိုင်ကြောင်းသိရသည်။သင်္ဘောအာမခံပရီမီယံ ကြေးများနှင့်ကုန်စည်ပို့ဆောင်ခကုန်ကျစရိတ်များလည်း မြင့်တက်လာမည်ဟု သိရသည်။
အိန္ဒိယ၏ရေနံစိမ်းတင်ပို့မှု ၆၅ ရာခိုင်နှုန်းခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလျက်ရှိကြောင်းသိရသည်။ အိန္ဒိယ၏ ဥရောပ၊ အမေရိကန်ပြည် ထောင်စုတို့နှင့် ကုန်သွယ်ရေးအတွက် အရေးပါသောလမ်းကြောင်းဖြစ်သည့် ပင်လယ်နီသည်လည်း အန္တရာယ်ရှိနေကြောင်းတွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယ၏ပို့ကုန် ၃၀ ရာခိုင်နှုန်းနီးပါးသည် ဥရောပ၊ မြောက်အာဖရိကနှင့် အမေရိကန်အရှေ့ဘက်ကမ်းခြေသို့ ဘက်အယ်လ်မန်ဒက်ရေလက်ကြားကို ဖြတ်သန်းသွားသောကြောင့်ဖြစ်သည်။
ယခုလ ၁၃ ရက်နေ့၊ ပဋိပက္ခစတင်စဉ်ကတည်းက ရေနံဈေးနှုန်းများမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ရေနံစိမ်းတစ်စည်၏ဈေးနှုန်းသည် ပဋိပက္ခမဖြစ်ပွားမီက ၆၉ ဒေါ်လာမှ ၇၇ ဒေါ်လာဝန်းကျင်အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်မတ်လတွင် ပင်လယ်ကွေ့နိုင်ငံများအပါအဝင် အနောက်အာရှမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် အိန္ဒိယ၏ရေနံစိမ်းဈေးနှုန်းသည် ဧပြီလတွင် တစ်စည်လျှင် ၆၇ ဒသမ ၇၃ ဒေါ်လာမှ ယခုလ တွင် ၆၉ ဒသမ ၂၄ ဒေါ်လာအထိမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ Emkay Global Financial Services ၏ခန့်မှန်းချက်အရ ရေနံဈေးနှုန်းတစ်စည်လျှင် ၁၀ ဒေါ်လာတိုးလာပါက အိန္ဒိယ၏ စားသုံးသူဈေးဆနှုန်းကိန်း(CPI) ငွေကြေးဖောင်းပွမှုအပေါ် နှစ်စဉ် ၀ ဒသမ ၃၅ ရာခိုင်နှုန်းအထိ ထပ်တိုးစေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ထောက်ပံ့ရေးပြတ်တောက်မှုများကို လျှော့ချရန်အတွက် အခြားပင်လယ်လမ်းကြောင်းများကို ရှာဖွေလျက်ရှိပြီး မော်စကိုမှ ရေနံစိမ်းပိုမိုဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။ ရေနံဝန်ကြီး Hardeep Singh Puri က အိန္ဒိယသည် ၎င်း၏ရေနံထောက်ပံ့မှုလမ်းကြောင်းများကို မတူကွဲပြားအောင် လုပ်ဆောင်ထားပြီး ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောတင်ပို့မှုများကို လတ်တလော ကန့်သတ်ထားကြောင်း ပြောကြားခဲ့သည်။ ရေနံဈေးနှုန်း တစ်စည်လျှင် ၇၅ ဒေါ်လာဝန်းကျင်တွင်ရှိနေသရွေ့ အိန္ဒိယ၏သာမန်စာရင်းလိုငွေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှုအပေါ် ခြိမ်းခြောက်နိုင်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေဦးမည်ဟု ကျွမ်းကျင်သူများက ယုံကြည်သည်။
GTRI တည်ထောင်သူ Ajay Srivastava က ဟော်မုဇ်ရေလက်ကြားကို ကြာရှည်စွာ ပိတ်ဆို့ထားပါက ပိုမိုကျယ်ပြန့်သောစစ်ရေးပဋိပက္ခများဖြစ်ပွားနိုင်ခြေရှိပြီး အထူး သဖြင့် အိန္ဒိယကဲ့သို့ စွမ်းအင်အပေါ် မှီခိုနေရသော နိုင်ငံများအတွက် သိသာထင်ရှားသည့်သက်ရောက်မှုများရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။အိန္ဒိယသည် အီရန်နှင့် နက်ရှိုင်းသောဆက်ဆံရေးရှိပြီး Chabahar ဆိပ်ကမ်းကို မဟာဗျူဟာမြောက်တံခါး ပေါက်အဖြစ်ရှုမြင်ထားသည်။ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးတို့နှင့် ပဋိပက္ခတွင်ပါဝင်နေသော ပင်လယ်ကွေ့အာရပ်နိုင်ငံများနှင့်လည်း ခိုင်မာသောဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း သိရသည်။
Source: The Money Control, Trump's air strikes on Iran may put India’s $40 billion trade at risk, June 22, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)