International News

ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုပြုလုပ်လျက်ရှိသည့်နိုင်ငံအချို့ကို သွင်းကုန်ခွန်ချမှတ်ထားခြင်းအား ဆိုင်းငံ့နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက အသိပေးပြောကြားခဲ့

Last Updated:

အမေရိကန်နိုင်ငံက ကုန်သွယ်ဖက်နိုင်ငံများအပေါ် ချမှတ်ထားသည့် သွင်းကုန်ခွန်အား ဆိုင်းငံ့မှုကာလသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အမေရိကန်အစိုးရအရာရှိများက ၎င်းတို့အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းလျက်ရှိသည့် (၁၂)နိုင်ငံ ကျော်ကို ဆိုင်းငံ့ကာလတိုးမြှင့်ပေးနိုင်သည်ဟု မီဒီယာမှတစ်ဆင့်အသိ ပေးပြောကြားခဲ့ကြောင်း New York Times  အွန်လိုင်းသတင်း၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး(Treasury Secretary) Mr. Scott Bessent က “ကုန်သွယ်ဖက်နိုင်ငံများနှင့်ဆွေးနွေးညှိနှိုင်းမှုကို အမေရိကန်နိုင်ငံ၏အလုပ်သမားနေ့(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မတိုင်မီ အပြီးသတ်နိုင်သည်”ဟု Fox Business သတင်းဌာနနှင့်အင်တာ ဗျူးတွင်ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂ၊ ဂျပန်၊ဗီယက်နမ်၊အိန္ဒိယနှင့် မလေးရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၁၈)နိုင်ငံခန့်နှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်း၊ သွင်းကုန်ခွန်ချမှတ်ခံရသည့် ကုန်သွယ်ဖက်နိုင်ငံများ သည် ဆိုင်းငံ့ကာလနောက်ပိုင်း သွင်းကုန်ခွန်အများအပြားပေးချေရနိုင်သည့်အခြေအနေကိုရှောင်ရှားရန် အမေရိကန်နိုင်ငံနှင့်ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြကြောင်း၊ သွင်းကုန်ခွန်ချမှတ်မှုဆိုင်းငံ့ကာလသည် ဇူလိုင်လ ၈ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်‌ရာ သက်တမ်းတိုးမြှင့်ရာတွင် ကုန်သွယ်ရေးဆွေးနွေးလျက်ရှိသည့် နိုင်ငံ များသာပါဝင်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တိကျသည့်သတင်းအချက်အလက်မသိရရှိသေးပါကြောင်း သိရှိရပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက “ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ခိုင်မာသည့်အပေးအယူ ကမ်းလှမ်းချက်(Strong offer)မပါရှိဘဲ ကုန် သွယ်ရေးဆွေးနွေးညှိနှိုင်းရန် လာရောက်ပါက အမေရိကန်နိုင်ငံ၏ လွတ် မြောက်ခြင်းနေ့(Liberation Day)တွင်ချမှတ်ခဲ့သည့် သွင်းကုန်ခွန်နှုန်း ထားအတိုင်း သမ္မတဒေါ်နယ်ထရမ့်က ပြန်လည်ချမှတ်လာနိုင်သည့်အပေါ် နိုင်ငံအများစုက စိုးရိမ်လျက်ရှိကြသည်” ဟုပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Howard Lutnick အနေဖြင့်လည်း ကုန်သွယ်ရေးသဘောတူညီချက် (၁၀)ခုခန့် အပြီးသတ်ဆွေးနွေးရန်ရှိသည်ဟု ပြောကြားခဲ့ပါကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် အဓိကဦးစားပေးဆွေးနွေးသည့် ကုန်သွယ်ဖက်နိုင်ငံ (၁၈) နိုင်ငံသာရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများသည် ယေဘုယျအားဖြင့် နှစ်ချီကြာ မြင့်နိုင်ပြီး နှစ်နိုင်ငံသဘောတူညီမှုမရရှိသည့် ခက်ခဲသောကိစ္စရပ်များရှိပါက ကုန်သွယ်ရေးဆွေးနွေးမှုများသည် ရှေ့တိုးမရ နောက်မဆုတ်သာသည့်အခြေအနေနှင့်ပါကြုံတွေ့နိုင်ကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုသည် ခက်ခဲကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကုန်သွယ်ဖက်နိုင်ငံများအပေါ် သွင်းကုန်ခွန်များချမှတ်ခဲ့စဉ်ကပင် ၎င်းတို့လိုလားသည့်အချက်များကို မီဒီယာများမှတစ်ဆင့် အသိပေးထုတ်ဖော်ပြောကြားလျက်ရှိပြီး အပေး အယူကမ်းလှမ်းချက်များကိုဖော်ပြလျက် ကုန်သွယ်ရေးဆွေးနွေးရန်လည်း သတိပေးဖော်ပြလျက်ရှိပါကြောင်းနှင့်အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏အကျိုးစီးပွားကိုသာ အဓိကထားသည့် အမေရိကန်နိုင်ငံသာပဓာနကုန်သွယ်ရေးမူဝါဒ(America First Trade Policy)အရ အမေရိကန်စီးပွားရေးအတွက် အဓိကကျသည့်နိုင်ငံများနှင့်သာ ဦးစားပေးဆွေးနွေးလျက်ရှိပါသည်။

Source: The New York Times

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News