အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းများမြင့်တက်ခဲ့ပြီးနောက် ယနေ့(၁၈-၆-၂၀၂၆ ရက်)တွင် အမေရိကန်ပြည်ထောင်စု၌ ဓာတ်ဆီဈေးနှုန်းသည် ၃ တာကာလလအတွင်း ပထမဆုံးအကြိမ် တစ်ဂါလံလျှင် ၄ ဒေါ်လာအောက်သို့ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ နေ့စဉ် စက်သုံးဆီဈေးနှုန်းများဖော်ပြပေးလျက်ရှိသော American Automobile Association(AAA)ဝဘ်ဆိုဒ်တွင်ဖော်ပြချက်အရ ပျမ်းမျှဓာတ်ဆီဈေးနှုန်းသည် တစ်ဂါလံလျှင် ၃.၉၉ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး မတ်လ ၃၀ ရက်နောက်ပိုင်းကာလတွင် အနိမ့်ဆုံးဈေးနှုန်းသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် အီရန်တို့ ပဋိပက္ခရပ်စဲရန် သဘောတူညီချက်ရရှိလာနိုင်သည့် မျှော်လင့်ချက်ကြောင့် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ ဓာတ်ဆီဈေးသည်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်-အီရန် နှစ်နိုင်ငံပဋိပက္ခစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၈ ရက်ကတည်းက ဟော်မုဇ်ရေလက်ကြားစတင်ပိတ်ထားခဲ့ပြီး ရေနံနှင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်စေခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်သည် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ငါးပုံတစ်ပုံဖြတ်သန်းသွားလာနေသည့် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းရှိ Brent ရေနံစိမ်းဈေးနှုန်းသည် ကြာသပတေးနေ့(၁၈-၆-၂၀၂၆ ရက်)တွင် ၁.၄% ကျဆင်းပြီးတစ်စည်လျှင် ၇၈.၄၆ ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်၏ အဓိကရေနံစိမ်းရည်ညွှန်းဈေးသတ်မှတ်ပေးသည့် West Texas Intermediate ရေနံစိမ်းအမျိုးအစား၏ဈေးနှုန်းသည် ၂.၂% ကျဆင်းခဲ့ပြီး တစ်စည်လျှင် ၇၅.၁၀ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံသား စီးပွားရေးပညာရှင်နှင့် လောင်စာဆီဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် Patrick De Haan က အမေရိကန်နှင့် အီရန်တို့သည် အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် ရှေ့ ဆက်လက်ဆောင်ရွက်မည်ဆိုပါက ပျမ်းမျှဓာတ်ဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေပေါ်မူတည်၍ အမေရိကန်တွင်အသုံးအများဆုံးဖြစ်သည့် Regular Grade ဓာတ်ဆီဈေးသည် ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၇ အစောပိုင်းတွင် တစ်ဂါလံလျှင် ၃ ဒေါ်လာအောက်သို့ ကျဆင်းနိုင်သည်ဟု ၎င်းက ခန့်မှန်းထားကြောင်း၊ အီရန်အား ဈေးကွက်တွင် ရေနံပြန်လည်ရောင်းချခွင့်ပြုပါက ဓာတ်ဆီဈေးနှုန်းများ ပိုမိုလျင်မြန်စွာကျဆင်းရန် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး၊ ကမ္ဘာ့ရေနံသိုလှောင်မှု ပြန်လည်ကောင်းမွန်လာစေရေး အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)