International News

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံရမှုမရရှိခဲ့သည့် ကမ္ဘာ့စီးပွားရေးအတွက် သင်ခန်းစာ (၅) ခုနှင့်စပ်လျဉ်းသည့်သတင်း

Last Updated:

အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဟော်မုဇ်ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်ခြင်းသည် ကမ္ဘာတစ်ဝှမ်းစွမ်းအင်အကျပ်တည်းကို သက်သာစေနိုင်မည်ဖြစ်ကြောင်း၊အရှေ့အလယ်ပိုင်းဒေသ၏ အရေးအပါဆုံးစွမ်းအင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို လပေါင်းများစွာပိတ်ဆို့ခံခဲ့ရသော်လည်း အံ့ဩဖွယ်ရာ အချက်တစ်ခုအနေဖြင့် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းအရေးအခင်း (သို့မဟုတ်) ၁၉၇၀ ပြည့်နှစ်လွန်များက ကမ္ဘာကိုတုန်လှုပ်စေခဲ့သည့် ရေနံအကျပ်အတည်းကာလများကလောက် ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံရမှုမှ ကမ္ဘာ့စီးပွားရေးအတွက် အောက်ပါသင်ခန်းစာ(၅)ခုရရှိခဲ့ ကြောင်း ဖော်ပြထားပါသည်-

          (က)    နိုင်ငံအများစုသည် ကြိုတင်ပြင်ဆင်မှုကောင်းစွာရှိခဲ့ခြင်း

ဟော်မုဇ်အကျပ်အတည်းဖြစ်ပွားကာနီးကာလတွင် ကမ္ဘာ့ရေနံသိုလှောင်မှုမြင့်မားနေခဲ့ပြီး၊ ဥရောပနှင့် အာရှဒေသများရှိ အဓိကရေနံတင်သွင်းသည့်နိုင်ငံများသည် ၂၀၂၅ ခုနှစ်တွင် ရေနံအရန်သိုလှောင်မှုအားကောင်းခဲ့ကာ နိုင်ငံကြီးများအတွက် ထိခိုက်မှုနည်းပါးစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယူနိုက်တက်ကင်းဒမ်းတွင် မော်တော်ယာဉ်သုံးစွဲမှုများ လျှော့ချခဲ့ခြင်း၊ အချို့သောဥရောပနှင့် အမေရိကန်လေကြောင်းလိုင်းများသည် လေယာဉ်ခရီးစဉ်များလျှော့ချခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊အကျပ်အတည်း၏ဒဏ်သည် ဆင်းရဲသည့်နိုင်ငံများအပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံကဲ့သို့နိုင်ငံများက ရေနံလိုအပ်ချက်ခွဲတမ်းသတ်မှတ်ခြင်းဖြင့် ထိန်းချုပ်ခဲ့ကြောင်း၊ အခြား နိုင်ငံများအနေဖြင့် ကျောင်းနှင့်ရုံးများကိုပိတ်ခဲ့ပြီး လေအေးပေးစက်အသုံးပြုမှုများ ကန့်သတ်ခဲ့ကြောင်း၊  ယခုနှစ် ဒုတိယသုံးလပတ်တွင် ကမ္ဘာ့ရေနံလိုအပ်ချက်သည် ၅% (သို့မဟုတ်) တစ်ရက်လျှင် စည်ပေါင်း ၅ သန်းခန့်ကျဆင်းမည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)က ခန့်မှန်းခဲ့ကြောင်း၊ ယင်းပမာဏသည် ၁၉၈၀ ပြည့်နှစ်တွင် စတင်ခဲ့သော အီရန်-အီရတ်စစ်ပွဲ၊ ၁၉၇၃ ခုနှစ် အာရပ်နိုင်ငံများကရေနံတင်ပို့မှုပိတ်ဆို့မှုနှင့် ၁၉၅၆ ခုနှစ် ဆူးအက်တူးမြောင်းဖြတ်သန်းသွားလာခွင့်အကျပ်အတည်းတို့အတွင်း ကြုံတွေ့ခဲ့ရသည့် ရေနံလိုအပ်ချက် ၁၀% ကျဆင်းမှုထက် များစွာနည်းပါးသဖြင့် ရေနံပြတ်တောက်မှုကြောင့် စိုးရိမ်ထိတ်လန့်မှုများကို စီမံခန့်ခွဲရန် ပိုမိုလွယ်ကူစေကြောင်း၊

          (ခ)     ကမ္ဘာ့ရေနံဈေးကွက်သည် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ခြင်း

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ရေနံဈေး ၁ စည်လျှင် ဒေါ်လာ ၁၅၀ (သို့မဟုတ်) ၂၀၀ အထိမြင့်တက်မည်ဟူသောစိုးရိမ်မှုများမှာ လက်တွေ့တွင်ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း၊ အရှေ့အလယ်ပိုင်းစွမ်းအင်ထုတ်လုပ်သူများအနေဖြင့်  ရေလက်ကြားပိတ်ဆို့မှုကို ကျော်လွှားရန်နည်းလမ်းများကို စွမ်းအင်နယ်ပယ်တွင် ကျွမ်းကျင်သူများ မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာရှာဖွေတွေ့ရှိခဲ့ပြီး၊ အမေရိကန်အပါ အဝင် အခြားထုတ်လုပ်သူများကလည်း ထုတ်လုပ်မှုနှင့်တင်ပို့မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ အမေရိကန်၏ရေနံတင်ပို့မှုသည် စံချိန်သစ်တင်ခဲ့ကာ ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုသည်လည်း ယခင်နှစ်ကာလတူကထက် ၄၃% မြင့်တက်ခဲ့ပြီး ဘရာဇီးလ်နိုင်ငံ၏ တင်ပို့မှုမှာလည်း သုံးပုံတစ်ပုံခန့်မြင့်တက်ခဲ့ကြောင်း၊

(ဂ)     တရုတ်နိုင်ငံသည် ရေနံတင်သွင်းမှု ထိန်းချုပ်လျှော့ချနိုင်ခဲ့ခြင်း

တရုတ်နိုင်ငံသည်ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့်ရေနံတင်သွင်းမှုတစ်ရက်လျှင် စည်ပေါင်း ၃ သန်းခန့်လျှော့ချခဲ့ရသော်လည်း စီးပွားရေးတွင် သိသာသည့် ထိခိုက်မှုမရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်ပစွမ်းအင်မှီခိုမှုကိုပြန်လည်ထိန်းသိမ်းရန် ရေနံတင်သွင်းမှုကို လျှော့ချခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကျောက်မီးသွေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအသုံးပြု၍ ပိုမိုဆောင်ရွက်လာပြီး လျှပ်စစ်သုံးမော်တော်ယာဉ်များအသုံးပြုမှုကြောင့် စက်သုံးဆီလိုအပ် ချက်လျှော့ချနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ရေလက်ကြားပိတ်ဆို့မှုဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် အခြားအာရှနိုင်ငံများ၏ခံနိုင်ရည်ရှိမှုကြောင့်ကမ္ဘာ့စီးပွားရေးဆက်လက်လည်ပတ်နိုင်စေရန် အထောက်အကူပြုခဲ့ကြောင်း၊

 (ဃ)   ကမ္ဘာတစ်ဝှမ်းတွင် စွမ်းအင်ကို ပိုမိုထိရောက်အကျိုးရှိစွာ အသုံးပြုလာခြင်း

ဖွံ့ဖြိုးပြီးနိုင်ငံများသည် စွမ်းအင်သုံးစွဲမှုများသော ကုန်ထုတ်လုပ်ငန်းမှ ငွေကြေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ စွမ်းအင်သုံးစွဲမှုနည်းပါး သော ဝန်ဆောင်မှုလုပ်ငန်းများဆီသို့ ကူးပြောင်းလာကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၏ အခန်းကဏ္ဍလည်းပါဝင်လာကြောင်း၊ အိမ်သုံးပစ္စည်းများကို လျှပ်စစ်ဓာတ်အားလျှော့ချသုံးစွဲနိုင်ရန် ပြန်လည်ပြင်ဆင်ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီများကလည်း စက်မှုလုပ်ငန်းများတွင် စွမ်းအင်ချွေတာနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊

(င)     AI ထွန်းကားမှုသည် စွမ်းအင်အခက်အခဲကို ဟန်ချက်ညီစေခဲ့ခြင်း

AI ထွန်းကားမှုသည် စွမ်းအင်အကျပ်အတည်းအတွက် အဓိကတန်ပြန်အင်အားတစ်ခုဖြစ်လာခဲ့ကြောင်း၊ အမေရိကန်တွင် ဒေတာစင်တာများ အရှိန်အဟုန်ဖြင့်ဆောက်လုပ်ခြင်းနှင့်နည်းပညာ၏အလားအလာများက ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးခဲ့ပြီး စတော့ဈေးကွက်များကို စံချိန်သစ်များအထိ တွန်းပို့ခဲ့ကြောင်း၊ AI ထွန်းကားမှုအတွက် လိုအပ်သော မမ်မိုရီချစ်ပ်များ၊ စက်ယန္တရားများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများကို ထောက်ပံ့ပေးသည့် အာရှနိုင်ငံများအနေဖြင့် သိသာထင်ရှားသည့်အကျိုးအမြတ်များခံစားခဲ့ရကြောင်း၊၂၀၂၅ ခုနှစ် နှစ်ဦးပိုင်း မှစ၍ ထိုင်ဝမ်၏အဆိုပါပစ္စည်းများတင်ပို့မှု တန်ဖိုးသည် နှစ်ဆကျော်တိုးလာခဲ့ပြီး၊ တောင်ကိုရီးယား၏တင်ပို့မှုသည် ၈၀% နီးပါး၊ စင်ကာပူ၏ တင်ပို့မှုသည် ၄၀% ၊ ဂျပန်၏တင်ပို့မှုသည် ၂၀% နီးပါးအသီးသီးတိုးလာခဲ့ကြောင်း။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News