International News

စက်သုံးဆီကုန်ကျစရိတ်များဆက်လက်မြင့်တက်နေခြင်းကြောင့် မေလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄.၂% အထိမြင့်တက်

Last Updated:

အီရန်စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ယင်း၏အကျိုးဆက်အဖြစ် မေလတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် သုံးနှစ်အတွင်း အမြင့်ဆုံးဖြစ်သော ၄.၂ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ကြောင်း၊ သို့သော် စက်သုံးဆီဈေးမှလွဲ၍ အခြားကဏ္ဍများတွင် ဈေးနှုန်း အတက်မြန်သည့်လက္ခဏာ အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် မေလတွင် ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများသည် ယခင်နှစ် အလားတူလထက် ၄.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယခင်လတွင် ၃.၈ ရာခိုင် နှုန်းရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် အမြင့်ဆုံးနှုန်းဖြစ်ကာ အီရန်နှင့်ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော စက်သုံးဆီစရိတ်မြင့်မားမှုများက ဈေးနှုန်းမြင့်တက်မှုအတွက် ဖိအားများဖြစ်ရန်ဆက်လက်တွန်းပို့နေကြောင်း၊ အလုပ် သမားဝန်ကြီးဌာန၏ပြောကြားချက်အရ စက်သုံးဆီဈေးနှုန်းညွှန်းကိန်းသည် စားသုံးသူဈေးဆနှုန်းကိန်း (Consumer Price Index-CPI)တိုးမြင့်လာမှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို အဓိကဖြစ်ပေါ်စေခဲ့ကြောင်း၊ AAA (American Automobile Association)က ထုတ်ပြန်သည့် စက်သုံးဆီဈေးနှုန်းများအရ အီရန်နှင့် ပဋိပက္ခသည် စက်သုံးဆီဈေးနှုန်းကို မေလနှောင်းပိုင်းတွင် လေးနှစ်တာကာလအတွင်း အမြင့်ဆုံးအနေအထားဖြစ်သည့် တစ်ဂါလံလျှင် ၄.၅၆ ဒေါ်လာသို့ရောက်အောင် တွန်းပို့ခဲ့သော် လည်း ယင်းနောက်တွင် တစ်ဂါလံလျှင် ၄.၁၅ ဒေါ်လာသို့ပြန်လည်ကျဆင်းခဲ့ကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်မားခြင်းသည် အခြားကုန်ကျ စရိတ်များအပေါ်တွင်လည်း သက်ရောက်မှုရှိပြီး လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၂.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် စားသောက်ကုန်၊ အိမ်ရာနှင့် အဝတ်အထည်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှေးကွေးခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်မှုကို ခံစားနေရသည့် အိမ်ထောင်စုများအတွက် သက်သာမှုတစ်ခုဖြစ်စေခဲ့ကြောင်း၊ မေလတွင် မော်တော်ကားအာမခံကြေးများ ၁.၇ ရာခိုင်နှုန်း၊ ဆရာဝန်ဆေးညွှန်းလိုအပ်သော ဆေးဝါးများဈေးနှုန်းသည် ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မော်တော်ကားအသစ်များဈေးနှုန်းသည်လည်း ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

အလုပ်သမားကဏ္ဍအပေါ်သက်ရောက်မှုအနေဖြင့် အလုပ်သမားဝန်ကြီး ဌာန၏သီးခြားအစီရင်ခံစာတစ်ခုတွင် ဖော်ပြချက်အရ မေလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်စဉ်လုပ်ခလစာတိုးနှုန်းကို ကျော်လွန်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုကို ချိန်ညှိထားသော နာရီအလိုက် လုပ်ခလစာသည် ဧပြီလတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မေလတွင် ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ဈေးနှုန်းများသည် ဝင်ငွေထက်ပိုမိုလျင်မြန်စွာမြင့်တက်ခြင်းသည် အနာဂတ်စီးပွားရေးတိုးတက်မှုကိုအဟန့်အတားဖြစ်စေနိုင်သည်ဟု စီးပွားရေးပညာရှင်များကသတိပေးထားကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း အကောက်ခွန်နှုန်းများ၊စက်သုံးဆီကုန်ကျ စရိတ်များနှင့် AI ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာမှုတို့ကြောင့် ငွေကြေးဖောင်းပွမှုဖြစ်စေသည့် အကျိုးသက်ရောက်မှုများတစ်ပြိုင်နက်ဖြစ်ပေါ်၍ ငွေကြေးတန်ဖိုးကျဆင်းမှုနှုန်း ပိုမိုမြန်ဆန်သည့်အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြထားပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News