International News

အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်၏ ပထမအဆင့်ကို ယခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်နိုင်မည်ဟု အိန္ဒိယကုန်သွယ်ရေးဝန်ကြီးပြောကြား

Last Updated:

အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal က အိန္ဒိယ-အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်၏ ပထမအဆင့်ကို ယခုနှစ် နိုဝင်ဘာလတွင်အပြီးသတ်နိုင်ရေးအတွက် အကောင်းမြင်မှုများရှိနေကြောင်းထုတ်ဖေါ်ပြောကြားခဲ့သည်။ ၎င်းက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တို့၏ ညွှန်ကြားချက်များအရ နှစ်နိုင်ငံလုံးသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော သဘောတူညီချက်တစ်ခုရရှိရန် တက်ကြွစွာဆောင်ရွက်လျက်ရှိပြီး ကနဦးအဆင့်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်ပြီးစီးရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ် မတ်လမှစ၍ ပြုလုပ်ခဲ့သောဆွေးနွေးပွဲများသည် အပြု သဘောဆောင်သောပတ်ဝန်းကျင်တွင် တိုးတက်မှုရှိခဲ့ပြီး နှစ်ဖက်စလုံးက ကျေနပ်အားရမှုဖော်ပြခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ပေါ်တိုးတက်မှုသည် အမေရိကန်ပြည်ထောင်စုက အိန္ဒိယကုန်ပစ္စည်းများအပေါ် ၅၀ ရာခိုင်နှုန်းအကောက်ခွန်များချမှတ်ခဲ့ပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သော တင်းမာမှုများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အိန္ဒိယ၏ ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်အတွက် မကြာမီ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အမေရိကန်သမ္မတထရမ့်က ကုန်သွယ်ရေးအတားအဆီးများကိုဖြေရှင်းရန်အတွက် အကောင်းမြင်ကြောင်း မကြာသေးမီက Truth Social မှတစ်ဆင့်ဖော်ပြခဲ့ပြီး ဝန်ကြီးချုပ်မိုဒီနှင့်ပြုလုပ်ရန်ရှိသော လာမည့်ဆွေးနွေးပွဲများအတွက် စိတ်အားထက်သန်လျက်ရှိကြောင်းပြောကြားခဲ့သည်။ ၎င်းအားတုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ်မိုဒီက အိန္ဒိယ-အမေရိကန်ကုန်သွယ်ရေးဆက်ဆံမှုများ၏ တိုးတက်မှုနှင့် အလားအလာအပေါ် ၎င်း၏ယုံကြည်မှုအား ဖော်ပြခဲ့ပြီး အနာဂတ်ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်းနှင့် နှစ်ဦးနှစ်ဖက်သာယာဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာစေရန် ကတိပြုကြောင်း ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Source:    The Times of India, ‘Progress is being made’: Piyush Goyal says ‘first tranche’ of India-US trade deal likely by November; Trump-Modi signal thaw in ties, September 11, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News