International News

အိန္ဒိယနိုင်ငံသည် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့်ပူးပေါင်းကာ မြန်မာ နိုင်ငံမှ ရှားပါးသတ္တု(Rare-earth)နမူနာများကို ရယူရန် ကြိုးပမ်းလျက်

Last Updated:

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံက ၎င်း၏မဟာဗျူဟာမြောက်သတ္တုများတင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်လာချိန်တွင် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံမှ ရှားပါးသတ္တု(Rare-earth)နမူနာများကို ရယူရန်ကြိုးပမ်းလျက်ရှိကြောင်း Reuters သတင်းဌာနက ယခုလ ၁၀ ရက်က ဖော်ပြထားသည်။

သတင်းအရင်းအမြစ်လေးခုမှ ဖော်ပြချက်အရ အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနသည် ပြည်သူပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သော IREL နှင့်ယခုနှစ်အတွင်း အစိုးရထံမှ ထောက်ပံ့ငွေရရှိခဲ့သည့် Midwest Advanced Materials ကုမ္ပဏီတို့အား ယခုအခါ KIA မှ ထိန်းချုပ်ထားသော မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ သတ္တုတွင်းများမှနမူနာများရယူခြင်းနှင့် ပို့ဆောင်နိုင်မည့်နည်းလမ်းများကို စူးစမ်းရှာဖွေရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် အိန္ဒိယနိုင်ငံအတွက် နမူနာများစုဆောင်းရယူရန် စတင်လုပ်ဆောင်ခဲ့ပြီး အများအပြားတင်ပို့မှုများရှိလာနိုင်သည်ဟု စဉ်းစားနိုင်သော်လည်း နှစ်ဖက်ဆွေးနွေးမှုအခြေအနေမှာ လျှို့ဝှက်သည့်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လျှပ်စစ်သုံးယာဉ်များနှင့် အဆင့်မြင့်နည်းပညာပစ္စည်းများတွင်အသုံးပြုသည့် သံလိုက်များပြုလုပ်ရန်အတွက် အရေးပါသော လေးလံသောရှားပါးသတ္တု(Rare earth)သိုက်များသည် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ချီဖွေ-ပန်ဝါသတ္တုတူးဖော်ရေးဇုန်တွင် စုစည်းတည်ရှိကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိတွင် အဆိုပါသတ္တုများအား ပြုပြင်ထုတ်လုပ်သည့် နည်းပညာအပေါ် အလုံးစုံလက်ဝါးကြီးအုပ်ချုပ်ကိုင်ထားကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံကဲ့သို့သော နိုင်ငံများသို့ပြုပြင်ထုတ်လုပ်ထားသော အဆိုပါရှားပါးသတ္တုများတင်ပို့မှုကို သိသိသာသာလျှော့ချခဲ့သဖြင့် ၎င်းအရင်းအမြစ်များအတွက် ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဩဂုတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အကြီးအကဲနှင့်တွေ့ဆုံစဉ်က အဆိုပါရှားပါးသတ္တုတူးဖော်ရေးကို ဆွေးနွေးခဲ့သော်လည်း တရားဝင်သဘောတူညီချက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုများအနေဖြင့် ယခုအချိန်ထိ ပြည်တွင်းဓာတ်ခွဲခန်းများတွင် ရှားပါးမြေရိုင်းသတ္တုနမူနာများ၏ အရည်အသွေးကို စမ်းသပ်ခြင်းအပေါ် အာရုံစိုက်ထားပြီး ၎င်းအနေဖြင့် စက်မှုလုပ်ငန်းအဆင့်တွင် သံလိုက်များအား ပြုပြင်ထုတ်လုပ်နိုင်မည့် နည်းပညာနှင့် အခြေခံအဆောက်အအုံများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

Reuters သတင်းဌာန၏ဖော်ပြချက်အရ IREL သည် ရှားပါးသတ္တုသံလိုက်ထုတ်လုပ်မှုကို စီးပွားဖြစ်စတင်ရန် ဂျပန်နှင့် တောင်ကိုရီးယားကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ KIA အဖွဲ့အစည်းနှင့် ဆက်သွယ်မှုများသည် နိုင်ငံအဆင့်မဟုတ်သော လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သည့် ရှားပါးသောဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သော အွန်လိုင်းအစည်းအဝေးဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံမှ IREL၊ Midwest နှင့် အနည်းဆုံးအခြားကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လေ့လာသုံးသပ်သူများက တရုတ်နိုင်ငံသည်လည်း KIA ထံမှ အဆိုပါလေးလံသော ရှားပါးမြေရိုင်းသတ္တုများကို လက်ခံရရှိလျက်ကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယအရာရှိများသည် KIA နှင့် ရေရှည်စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် စိတ်ဝင်စားမှုရှိကြောင်းဖော်ပြခဲ့သော်လည်း အဆိုပါသတ္တုရိုင်းများအား ကြမ်းတမ်းခက်ခဲပြီး ဝေးလံသောဒေသများမှတစ်ဆင့် အိန္ဒိယနိုင်ငံအရောက်ပို့ဆောင်ခြင်းနှင့် တရုတ်နိုင်ငံ၏အကူ အညီမပါဘဲ ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် အခက်အခဲများရှိနိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်ပေါ်တိုးတက်လာဖွယ်ရှိသော သဘောတူညီချက်သည် အိန္ဒိယနိုင်ငံ၏ ရေရှည်ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာရည်မှန်းချက်များအတွက် မဟာ ဗျူဟာမြောက်သည်ဟု ယူဆရသော်လည်း အပြည်ပြည်ဆိုင်ရာဈေးကွက်အတွက် အဓိပ္ပာယ်ရှိသောထုတ်လုပ်မှုတစ်ခုအဖြစ်သို့ ချဲ့ထွင်ရန်အချိန်နှင့် ရင်းနှီးမြှုပ်နှံမှုများစွာလိုအပ်မည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြောင်း သိရသည်။

Source:    Reuters, Exclusive: India explores rare-earth deal with Myanmar rebels after Chinese curbs, September 10, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News