အိန္ဒိယအစိုးရသည် ၂၀၂၅ ခုနှစ်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်ကောက်ခံသည့် အခွန်ဖြစ်သော GST နှုန်းထားများအားလုံးကို ပြန်လည်ပြင်ဆင် သတ်မှတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုလ ၂၂ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ရာ နှစ်စဉ် ကျင်းပသော ဟိန္ဒူပွဲတော်ဖြစ်သည့် Navratri ပွဲတော်စတင်ချိန်နှင့် တိုက်ဆိုင်လျက်ရှိကြောင်း Jagran Josh သတင်းဌာနက ယခုလ ၉ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါပြင်ဆင်ထားသော အခွန်ကောက်ခံမှုဆိုင်ရာမူဘောင်သည် အခွန်၏ ဖွဲ့စည်းပုံ(Tax structure)ကို ရိုးရှင်းစေရန်၊ ဝယ်ယူရန်တတ်နိုင်မှု(Affordability) ကိုမြှင့်တင်ရန်နှင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို လူတိုင်းလက်လှမ်းမှီစေရန်ရည်ရွယ်ကြောင်း သိရသည်။
အဓိကပြောင်းလဲမှုများတွင် UHT နို့၊ ထုပ်ပိုးထားသောနို့ခဲ၊ roti၊ ပီဇာပေါင်မုန့်နှင့် khakhra တို့အပေါ် ၀ ရာခိုင်နှုန်း GST သို့လျှော့ချခြင်းအပါအဝင် နေ့စဉ်စားသုံး ကုန်များကို အခွန်ကင်းလွတ်စေမည်ဖြစ်သည်။ နို့ဆီ၊ ထောပတ်၊ ထောပတ်ဆီ၊ ချိစ်၊နို့ထွက်ပစ္စည်းများ၊ ချောကလက်၊ Pasta ခေါက်ဆွဲ၊ မုန့်ဖုတ်ပစ္စည်းများနှင့် Namkeen(အဆာပြေမုန့်)ကဲ့သို့သောပစ္စည်းများသည် ယခင် ၁၂ မှ ၁၈ ရာခိုင်နှုန်းမှ သိသိသာသာလျှော့ချကာ ယခုအခါ ၅ ရာခိုင်နှုန်း GST သာပေးဆောင်ရမည်ဖြစ် သည်။ ထုပ်ပိုးထားသော သစ်သီးခြောက်များ၊ မုယောစပါး၊ ပြောင်းကော်မှုန့်များ၊ ဟင်းသီးဟင်းရွက်အဆီအနှစ်များ၊ ဝက်အူချောင်းနှင့် ကြက်အူချေင်းများ၊ သကြားထွက်ပစ္စည်းများကိုလည်း ၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည်ဖြစ်ရာ အိမ်ထောင်စုများနှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍကို သက်သာရာရစေမည်ဖြစ်ကြောင်း တွေ့ရှိရသည်။
အခြားတစ်ဖက်တွင်မူ ပန်မာဆလာ(Pan masala)၊ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်နှင့် စီးကရက်ကဲ့သို့သောဇိမ်ခံပစ္စည်းများ သို့မဟုတ် "အပြစ်ရှိသော"(“Sin” goods) ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားသော ပစ္စည်းများအတွက် GST နှုန်းထားများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ပြီး ကိစ္စရပ်အများစုတွင် ထပ်ဆောင်းအခွန်များကိုပါ စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ စက်မှုလုပ်ငန်းသုံးပစ္စည်း များအတွက် ဥပမာ-ဘိလပ်မြေကို ယခင် ၂၈ ရာခိုင်နှုန်းအပေါင်း ထပ်ဆောင်းအခွန်အစား ယခုအခါ အခွန် ၁၈ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ပြီး ကျောက်မီးသွေး၊ lignite နှင့် peat တို့ကို အခွန် ၁၈ ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း သိရသည်။
ဆေးဘက်ဆိုင်ရာ အောက်ဆီဂျင်၊ ရောဂါရှာဖွေရေးကိရိယာများ၊ မရှိမဖြစ်လိုအပ်သော ဆေးဝါးများ၊ ဓာတ်ပြုပစ္စည်းများ(Reagents)နှင့် ခွဲစိတ်ကုသရေးပစ္စည်းများအပါအဝင် အရေးပါသော ကျန်းမာရေးဆိုင်ရာပစ္စည်းများကို အခွန် ၅ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ရာ ကျန်းမာရေးကဏ္ဍအတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးမည်ဖြစ်သည်။ အိမ်သုံးနှင့် လူနေမှုပုံစံဆိုင်ရာ နေ့စဉ်သုံးထုတ်ကုန်များဖြစ်သည့်အိမ်သာသုံးပစ္စည်းများ၊ ပရိဘောဂများ၊ လက်မှုပစ္စည်းများ၊ အိုးခွက်ပန်းကန်များ၊ ကစားစရာများနှင့် ဂီတတူရိယာများကို ယခင် ၁၂ မှ ၁၈ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှ ယခုအခါ ၅ ရာခိုင်နှုန်း GST အခွန်အမျိုးအစားတွင် လျှော့ချထည့်သွင်းထားကြောင်းသိရသည်။
အင်ဂျင်စွမ်းအား ၃၅၀ စီစီအထိ မော်တော်ဆိုင်ကယ်များ၊ စကူတာများ၊ ကားငယ်များနှင့် စက်ဘီးများကို ယခင် ၂၈ ရာခိုင်နှုန်းအခွန်အစား ယခုအခါ ၁၈ ရာခိုင်နှုန်း GST ကောက်ခံမည်ဖြစ်သည်။ သို့ရာတွင် ဇိမ်ခံယာဉ်များ၊ ၃၅၀ စီစီအထက် မော်တော်ဆိုင်ကယ်များ၊ လေယာဉ်များ၊ ရွက်လှေများနှင့် ပစ္စတိုသေနတ်များကို အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းအခွန်အမျိုးအစားတွင် ထပ်ဆောင်းအခွန်များပါ ကောက်ခံသွားမည်ဖြစ်ကြောင်း တွေ့ရှိရသည်။
ဖျော်ဖြေရေးနှင့် ရွေးချယ်ထားသော ဝန်ဆောင်မှုကဏ္ဍများအနေဖြင့် အဆိုပါအခွန်ပြုပြင်ပြောင်းလဲမှုများမှ အကျိုးခံစားရမည်ဖြစ်ကြောင်းသိရသည်။ ရူပီး ၁၀၀ သို့မဟုတ် ၎င်းထက်နည်းသော ရုပ်ရှင်လက်မှတ်များကို ယခုအခါ ၅ ရာခိုင်နှုန်း GST သာကောက်ခံမည်ဖြစ်ပြီး ရူပီး ၁၀၀ အထက်လက်မှတ်များမှာမူ ၄၀ ရာခိုင်နှုန်းအခွန်နှုန်းထားနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ အာမခံလုပ်ငန်း၊ ကိုယ်ပိုင်ကျူရှင်၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ပရဟိတပညာရေးလုပ်ငန်းများနှင့် ကျန်းမာ ရေးဝန်ဆောင်မှုများကဲ့သို့သော အဓိကဝန်ဆောင်မှုများကို GST မှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။ တစ်ညတည်းခိုခ ရူပီး ၁,၀၀၁ မှ ရူပီး ၇,၅၀၀ ကြား ဟိုတယ်တည်းခိုမှုများအပြင် အလှပြင်ဆိုင်များနှင့် အားကစားရုံများရှိ ဝန်ဆောင်မှုများကို ၅ ရာခိုင် နှုန်းသို့ လျှော့ချထားသော GST ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
၎င်းနှင့်ပတ်သက်သော တရားဝင်အကြောင်းကြားစာနှင့်ပစ္စည်းအမျိုးအစားအလိုက် ပြင်ဆင်သတ်မှတ်ထားသော အခွန်နှုန်းထားများ၏ စာရင်းအပြည့်အစုံကို အစိုးရ၏ တရားဝင်အရင်း အမြစ်များတွင် ရယူနိုင်ကြောင်း သိရသည်။
Source: Jagran Josh, New GST Rates 2025: Full List of Items with Revised GST Percentage, Download PDF, September 9, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)