အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်က နာမည်ကြီးအမှတ်တံဆိပ်နှင့်မူပိုင်ခွင့်ရဆေးဝါးတင်သွင်းမှုများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်း ယခုလ(၂၅)ရက်(ကြာသပတေးနေ့)တွင်ကြေညာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ၏အမေရိကန်ပြည်ထောင်စုသို့ ဆေးဝါးတင်ပို့မှုများအပေါ် အာရုံစိုက်ခံရမှုမြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါဆေးဝါးများအပေါ် အမေရိကန်၏အကောက်ခွန်အသစ်များသည် အောက်တိုဘာလ ၁ ရက်နေ့တွင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက Truth Social ပို့စ်တွင် ပြောကြားခဲ့သည်။
"၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မည်သည့်နာမည်ကြီးအမှတ်တံဆိပ် သို့မဟုတ် မူပိုင်ခွင့်ရဆေးဝါးထုတ်ကုန်ကိုမဆို အကောက်ခွန် ၁၀၀ ရာခိုင် နှုန်းကောက်ခံသွားမည်ဖြစ်ပြီး၊ အကယ်၍ ကုမ္ပဏီတစ်ခုက အမေရိကန်နိုင်ငံတွင် ၎င်းတို့၏ဆေးဝါးထုတ်လုပ်မှုစက်ရုံကို တည်ဆောက်နေပါက ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။ "တည်ဆောက်နေသည်"ဟူသည်မှာ "မြေပြင်စတင်ရှင်းလင်းခြင်း" နှင့် / သို့မဟုတ် "ဆောက်လုပ်ဆဲ"ဟု အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်သည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများစတင်နေပြီဆိုပါက အဆိုပါဆေးဝါးထုတ်ကုန်များအပေါ် အကောက်ခွန်ကောက်ခံမည်မဟုတ်ကြောင်း" ထရန့်က Truth Social တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းနှင့်အတူ အိမ်ဖြူတော်တို့က အဆိုပါအကောက်ခွန်များကို မည်သို့အကောင် အထည်ဖော်ဆောင်ရွက်မည်ကိုမူ ရှင်းလင်းချက်ပေးထားခြင်းမရှိသေးကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံ၏ ဆေးဝါးထုတ်ကုန်များတင်ပို့ရာတွင် အဓိကဈေးကွက်ကြီးတစ်ခုဖြစ်ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ ဆေးဝါးကဏ္ဍသည် ယေဘုယျအားဖြင့် တင်ပို့မှုအပေါ် များစွာမှီခိုနေရကြောင်း၊ အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ဆေးဝါးတင်ပို့မှုသည် ပြီးခဲ့သည့်မတ်လတွင် ယခင်နှစ်ကထက်၃၁ ရာခိုင်နှုန်း တိုးတက်လာမှုကြောင့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ စံချိန်တင်တိုးတက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အခြားနိုင်ငံများသို့ ဆေးဝါးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၁ ဘီလီယံအထိ ၆ ဒသမ ၉၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယဆေးဝါးတင်ပို့မှုမြှင့်တင်ရေးကောင်စီ(Pharmexcil)၏ အချက်အလက်များအရ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ အမေရိကန်ပြည်ထောင်စုသို့ ဆေးဝါးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံအထိရှိခဲ့ပြီး နှစ်အလိုက် ၂၀ ဒသမ ၄၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၃၄ ဒသမ ၅၁ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။
"ကမ္ဘာ့ဆေးဝါးထောက်ပံ့သူ"ဟု မကြာခဏတင်စားခေါ်ဝေါ်ခြင်းခံရသည့် အိန္ဒိယနိုင်ငံသည် ဆေးဝါးတင်ပို့မှုပမာဏအရ ကမ္ဘာ့တတိယအဆင့်နေရာ၌ရပ်တည်နေပြီး ထုတ်လုပ်မှုတန်ဖိုးအရ အဆင့် ၁၄ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း၌ပင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ(ခန့်မှန်းခြေ ရူပီး ၃၂,၅၀၅ ကုဋေ)တန်ဖိုးရှိဆေးဝါးများကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
Source: Live Mint, Donald Trump’s 100% tariffs spell trouble for Indian pharma — A look at export stats, September 26, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)