ဗီယက်နမ်သည် တရုတ်ခရီးသွားများကိုဆွဲဆောင်ရာတွင် ထိုင်းနိုင်ငံကို ကျော်တက် သွားသော်လည်း ဘေးကင်းရေးနှင့် ပရီမီယံခရီးသွားလုပ်ငန်းသည် စျေးကွက်ပြန်လည်ရရှိရေးအတွက် သော့ချက်ဖြစ်ကြောင်း Thammasat တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Ms. Aksornsri Phani-shsarn က ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ်ခရီးသွားဧည့်သည်များ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်လာမှုသည် စိုးရိမ်မှုတစ်ခုကြောင့်မဟုတ်ဘဲ အများစုသည် သုံးစွဲမှုနည်းသည့် ခရီးသွားအုပ်စုများဖြစ်သည်ဟု ကိန်းဂဏန်းများအရ သိရှိရပါကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဗီယက်နမ်သို့ တရုတ်ခရီးသွားများသွားရောက်မှုသည် ထိုင်းနိုင်ငံထက် ပိုပါကြောင်း၊ ဂျပန်နိုင်ငံသည် ယင်းလူဦးရေစာရင်း၏ ထိပ်တန်းနေရာအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ တရုတ်ခရီးသွားတိုးတက်မှုမှာ တရုတ်ခရီးသွားအဖွဲ့များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်ပါက ခရီးသွားစရိတ်သက်သာခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားတွေလာရောက်မှု သိသိသာသာကျဆင်းလာရခြင်းမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုဖြစ်သည့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော တရုတ်မင်းသား Wang Xing ကို မကယ်ဆယ်မီ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသည့် အမှုကိစ္စကြောင့်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုထားပါသည်။
ထိုင်းနိုင်ငံ၏ အစိုးရသစ်သည် လုံခြုံရေးစံနှုန်းများကို မြှင့်တင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများရှိ လိမ်လည်မှုကွန်ရက်များကို နှိမ်နင်းရန် အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မဖြေရှင်းနိုင်ပါက တရုတ်ခရီးသွားများကို ပြန်လည်ဆွဲဆောင်မည့် နှစ်ကုန်ပိုင်းစျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများသည် ထိရောက်မှုရှိမည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့်လအတွင်း နိုင်ငံခြား ခရီးသွားဝင်ရောက်မှုသည် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဘတ်ငွေခိုင်မာနေခြင်းသည်လည်း နိုင်ငံခြားသားဧည့်သည်များအတွက် ထိုင်းနိုင်ငံကို ပိုမိုဈေးကြီးသည်ဟု ထင်ဟပ်စေကြောင်း၊ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်မပေးသော်လည်း လူကြိုက်အများဆုံးနေရာအဖြစ် အမြဲတမ်း ရပ်တည်လျက်ရှိကြောင်း၊ဂျပန်နိုင်ငံ၏အားသာချက်များမှာ ဘေးကင်းမှု၊ သန့်ရှင်းမှု၊ စည်းစနစ်ကျမှု၊ အဆင်ပြေသည့်သယ်ယူပို့ဆောင်ရေး၊ တရုတ်နှင့်နီးစပ်မှု၊ များပြားသည့်လေယာဉ်ခရီးစဉ်ရွေးချယ်ခွင့်များနှင့် ယန်းငွေအားနည်းခြင်းတို့ကြောင့် စျေးဝယ်ရာနေရာဖြစ်လာပါကြောင်း Ms Aksornsri က ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းအချက်များကြောင့် ဂျပန်နိုင်ငံသည် ထိုင်းနှင့် ဗီယက်နမ်တို့ထက် လူနေမှုစရိတ်မြင့်မားသော်ငြားလည်း တရုတ်ခရီးသွားများသုံးစွဲလိုသည့် ပရီမီယံဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ခရီးသွားများအတွက် ဘေးကင်းပြီး ပရီမီယံနေရာတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏စံပြပုံစံကို လိုက်နာသင့်ကြောင်း၊ ဂျပန်နိုင်ငံနီးပါးစံချိန်စံညွှန်းများကို လျှော့ဈေးဖြင့်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံဖြစ်လာရန် ရည်မှန်းချက်ထား သင့်ကြောင်း၊အဓိကအချက်မှာ လုံခြုံစိတ်ချရမှုနှင့် ခရီးသွားအရည်အသွေးကိုမြှင့်တင်ရန်နှင့် ဈေးကွက်တွင် Low-end ပုံစံအရေအတွက်ကို ဦးစားပေးမောင်းနှင်နေသည့် ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရန်မဟုတ်ကြောင်း Ms Aksornsri က သုံးသပ်အကြံပြုထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)