International News

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ သတ္တမအကြိမ်မြောက်ဆွေးနွေးမှုကို စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပသွားရန်ရှိ

Last Updated:

အင်ဒိုနီးရှား-ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ အပြီးသတ်ဆွေးနွေးမှုသည် ထိုင်းနိုင်ငံ၏ဥရောပသမဂ္ဂနှင့် လက်ရှိညှိနှိုင်းမှုများအပေါ် သက်ရောက်မှုမရှိပါကြောင်း၊ သတ္တမအကြိမ်မြောက်ဆွေးနွေးမှုကို စက်တင်ဘာလ လကုန်ပိုင်းတွင်ကျင်းပသွားရန်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂနှင့်ညှိနှိုင်းမှုကို ဒီဇင်ဘာလ ၂၅ ရက်တွင် အပြီးသတ်ညှိနှိုင်းနိုင် မည်ဟုမျှော်မှန်းထားပါကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၂ နိုင်ငံက အတည်ပြုချက်နှင့် အတည် ပြုချက်လုပ်ငန်းစဉ်များအတွက် ၎င်းတို့၏သက်ဆိုင်ရာ လွှတ်တော်အသီးသီးထံတင်ပြရသောကြောင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များအသက်ဝင်ရေးမှာ ၂ နှစ်ခန့်ကြာမြင့်ပါကြောင်း၊ ယင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် သဘောတူညီချက်အသေးစိတ်ကိုလေ့လာသုံးသပ်နိုင်ပြီး ညှိနှိုင်းမှုများတွင် အမြင်များကို ထည့်သွင်းဆွေးနွေးနိုင်ပါကြောင်း၊ သဘောတူစာချုပ်ပါ အခန် ၂၄ ခန်းအနက် ၇ ခန်းသည် အပြီးသတ်ပြီးဖြစ်ကြောင်း၊ သတ္တမအကြိမ်မြောက်ညှိနှိုင်းမှုကို စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့သည်။

ကျန်ရှိသည့် ပိုမိုရှုပ်ထွေးသောအခန်းများကို အာရုံစိုက်သွားမည်ဖြစ်ပြီး အစိုးရဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှု၊ နိုင်ငံပိုင်လုပ်ငန်းအထောက်အပံ့များ၊ စဉ်ဆက်မပြတ်သော ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ မူပိုင်ခွင့်နှင့်ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဈေးကွက်ဝင်ရောက်မှုတို့ဖြစ်ကြောင်း၊ လက်ရှိထိုင်းနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်နေသော်လည်း ဥရောပသမဂ္ဂနှင့်ဆက်သွယ်၍ သဘောတူစာချုပ်အပြီးသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအသစ်ကြောင့် လွှတ်တော်ဖျက်သိမ်းနိုင်မည့် အလားအလာရှိသော်ငြားလည်း ဆွေးနွေးမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦးအပြီးသတ်ညှိနှိုင်းနိုင်မည့် ဒီဇင်ဘာ ၁၅ ရက်နေ့သည် သဘောတူစာချုပ်အသေးစိတ်များ ပိုမိုရှုပ်ထွေးလာသောကြောင့် နောက်ဆုံးရက်တွင် မပြီးနိုင်ပါကြောင်း၊ ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေသောကြောင့် လာမည့်နှစ်အစောပိုင်းတွင် အပြီးသတ်ရန်မျှော်လင့်ထားကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ဗီယက်နမ်နှင့် စင်ကာပူတို့နှင့် FTA ရှိပြီးဖြစ်သကဲ့သို့ အင်ဒိုနီးရှားနှင့် စက်တင်ဘာလ ၂ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးရန်ရှိကြောင်း၊ ဥရောပသမဂ္ဂသည် လက်ရှိတွင် ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့နှင့် FTA ဆွေးနွေးဆဲဖြစ်ပြီး အိန္ဒိယနှင့်လည်း ဆွေးနွေးနိုင်ရေးရှာဖွေနေပါကြောင်း Ms. Chotima က ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့ပြီးပါက ထိုင်းနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၃.၅ ဘီလီယံရှိခဲ့ပြီး ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၄.၂ ဘီလီယံနှင့် သွင်းကုန်သည် ၁၉.၃ ဘီလီယံဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံရှိခဲ့ပြီး ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၈.၄၃ ဘီလီယံနှင့် သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၅.၉၁ ဘီလီယံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ လေအေးပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြစ် ကြောင်း၊ သွင်းကုန်များမှာ ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ လေယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အီလက်ထရောနစ်ယန္တရားအစိတ်အပိုင်းများဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News