ထိုင်းနှင့် ဆော်ဒီအာရေဗျတို့အကြား ကုန်စည်ပြပွဲများ၊ စက်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟာလာလ်ထုတ်ကုန်များ၊ ဆေးဝါးများ၊ ဆေးဖက်ဝင်အပင်များ၊ ဆေးဘက်ဝင်အပင်များနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ၎င်းတို့၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၈ ရက်က ဆော်ဒီ-ထိုင်းပူးပေါင်းညှိနှိုင်းရေးကောင်စီ၏ အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ လုပ်ငန်း စီမံချက်ကို ချမှတ်ခဲ့ပြီး ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှုများအပါအဝင် နယ်ပယ်အသီးသီးတွင် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်သဘောတူညီခဲ့ကြကြောင်း၊အဆိုပါအစီအစဉ်တွင် စက်ရုပ်များ၊ မော်တော်ယာဉ် အသစ်များနှင့် ဉာဏ်ရည်တု(Artificial Intelligence-AI)၊ အစားအသောက်၊ ဆေးဝါးနှင့် ဆေးဖက်ဝင်အပင်များကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာမူဝါဒရေးဆွဲခြင်းဆိုင်ရာ အတွေ့ အကြုံများကို မျှဝေခဲ့ပါကြောင်း အမြဲတမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ပြောကြားခဲ့ပါသည်။
အခွန်နှစ်ထပ်ကောက်ခံမှုပပျောက်ရေးဆိုင်ရာနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများချောမွေ့စေရန် အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာသဘောတူညီချက်တစ်ရပ် ချုပ်ဆိုရေးကိုလည်း အစည်းအဝေးတွင် သဘောတူညီခဲ့ပါကြောင်း၊ ဝင်ငွေမြင့်မားသောနိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရသော ဆော်ဒီအာရေဗျသည် ထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက်ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ၀ယ်လိုအားမြင့်မားသောနိုင်ငံဖြစ်သကဲ့သို့ ဟာလာလ်နှင့် လယ်ယာထွက်ကုန်တင်သွင်းမှု ခိုင်မာသောဝယ်လိုအားရှိကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးအားကောင်းလာခြင်းသည် ထိုင်းနိုင်ငံ၏အလားအလာရှိသော စျေးကွက်များသို့ ပို့ကုန်များချဲ့ထွင်ရေးမူဝါဒနှင့်ကိုက်ညီပါကြောင်း Mr. Vuttikrai က ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ၁၉ နိုင်ငံမြောက် အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် ဒုတိယအကြီးဆုံးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇.၅၆ ဘီလီယံဖြစ်ပြီး ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၂.၈၆ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၄.၉ ဘီလီယံဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃.၈၅ ဘီလီယံရှိပြီး ဆော်ဒီအာရေဗျသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံနှင့် သွင်းကုန်ဒေါ်လာ ၂.၆ ဘီလီယံဖြစ်ကြောင်း၊ အဓိကတင်ပို့သည့်ပစ္စည်းများမှာ မော်တော်ယာဉ်နှင့်အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ သစ်သားနှင့် သစ်အချောထည်ပစ္စည်းများ၊ အဓိကတင်သွင်းသည့် ပစ္စည်းများမှာ ရေနံစိမ်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဓာတုပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)