International News

ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် PM2.5 လေထုညစ်ညမ်းမှုကို လျှော့ချရန်ရည်ရွယ်၍ ပြောင်းသွင်းကုန်များအပေါ် တင်းကျပ်သော စံနှုန်းများသတ်မှတ်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် PM2.5 လေထုညစ်ညမ်းမှုကို ကာကွယ်ရန်ရည်ရွယ်၍ သီးနှံအကြွင်းအကျန်များကို မီးရှို့ထားသောလယ်ကွင်းများတွင် စိုက်ပျိုး ထားသည့် တင်သွင်းလာသောပြောင်းများကို ပိတ်ပင်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသော ကုန်သွယ်ရေးဖြစ်စေရန် စံနှုန်းအသစ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် နှစ်စဉ်ပြောင်းတန်ချိန် ၄ သန်းမှ ၅ သန်းကြား စိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံတွင်းလိုအပ်ချက်မှာ တန်ချိန် ၉ သန်းဖြစ်သဖြင့် တန်ချိန် ၂ သန်းခန့်ကို နှစ်စဉ်တင်သွင်းလျက်ရှိရာ မြန်မာနိုင်ငံမှ ၉၀ ရာခိုင်နှုန်းနှင့် ကျန်ပမာဏကို လာအိုနှင့်ကမ္ဘောဒီးယားတို့မှဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းသူများသည် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ၎င်းတို့၏ ပြောင်းများသည် မီးရှို့ထားသောလယ်ယာမြေများတွင် စိုက်ပျိုးထားခြင်းမဟုတ်ကြောင်းသက်သေခံချက်တင်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သန့်စင်သောလေဥပဒေ(Clear Air Bill)နှင့်၎င်း၏ အော်ဂဲန်းနစ်ဥပဒေများမထုတ်ပြန်မီ ပြုပြင်ပြောင်းလဲရေးကာလအတွင်း တင်သွင်းသူများအနေဖြင့် ၎င်းတို့ကုန်စည်များအပေါ် ကိုယ်တိုင်အတည်ပြုချက်ထုတ်ခြင်း သို့မဟုတ် တင်ပို့သော နိုင်ငံရှိ အစိုးရအဖွဲ့အစည်းတစ်ခု၏ သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းများမှ သက်သေခံလက်မှတ်များကို ခွင့်ပြုပေးထားမည်ဖြစ်ကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Duangarthit Nidhi-u-tai က ပြောကြားခဲ့ပါသည်။

တင်သွင်းသူများသည် နောက်ကြောင်းပြန်လိုက်နိုင်သော ပြောင်းစိုက်ပျိုးရာနေရာနှင့်ပထဝီဝင်တည်နေရာ၏ အချက်အလက်အသေးစိတ်မှတ်တမ်းများကို ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း၊ သန့်စင်သော လေဥပဒေစတင်အသက်ဝင်ပြီဆိုပါက ပိုမိုတင်းကျပ်သောစံနှုန်းများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်သွင်းကုန်များတွင် တင်ပို့နိုင်ငံရှိ အသိအမှတ်ပြုအေဂျင်စီမှ သက်သေခံလက်မှတ်နှင့်အတူ စိုက်ပျိုးနေရာများ၏ မြေပုံလိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအသစ်များကို အစိုးရအဖွဲ့အသစ်သို့ တင်ပြခွင့်ပြုချက်ရယူသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါနေ့ရက်တွင်ပင် ကုန်စည် ၁,၇၇၅ ခုပါဝင်သော Dual-use(DUI) ကုန်ပစ္စည်းများ၏ ပို့ကုန်အမျိုးအစား ၁၀ မျိုးကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ အမျိုးအစား “0” ကုန်ပစ္စည်းများတွင် နျူကလီးယားပစ္စည်းများသည် ထုတ်ကုန် ၂၀၄ ခုထိပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အမျိုးအစား “0” ကုန်ပစ္စည်းတင်ပို့မှုသည် ဘတ် ၄၃၇ ဘီလီယံရှိခဲ့ပြီး အဓိကဈေးကွက်များမှာ အမေရိကန်၊ နယ်သာလန်၊ ထိုင်ဝမ်၊ တရုတ်၊ မလေးရှားနှင့် ဂျပန်တို့ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်တွင် အမျိုးအစား “၇” မှ “၉” မျိုးထိ ကန့်သတ်ချက်များကို ထပ်တိုးသွားမည်ဖြစ်ပြီး ဒရုန်းနှင့် လေယာဉ်အစိတ်အပိုင်းများကဲ့သို့သော လေကြောင်းကိရိယာနှင့် သက်ဆိုင်သည့်ကုန်စည်များဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် Dual-use ကုန်ပစ္စည်းများ၏ ပို့ကုန်အမျိုးအစား ၁၀မျိုး၏ပို့ကုန်တန်ဖိုးသည် ဘတ် ၃.၁၅ ထရီလီယံရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ကုန်စည်များသည် အမျိုးအစား “0” ကုန်ပစ္စည်းများတွင် ပါဝင်ခြင်းရှိ-မရှိ သတ်မှတ်နိုင်ရန် www.etcwmd.dgt.go.th တွင် ဆောင်ရွက်နိုင်ကြောင်း၊  Dual-use(DUI)အဖြစ် သတ်မှတ်ထားသောကုန်စည်များသည် e-DUI လိုင်စင်စနစ်မှတစ်ဆင့် ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ပြီး နောက်ဆုံးအသုံးပြုထားသော သက်သေခံလက်မှတ်နှင့် ငွေပေးချေမှုဆိုင်ရာစာရွက်စာတမ်းများ လိုအပ်ရာလျှောက်ထားမှုကို ယခုနှစ် ဒီဇင်ဘာလထိ ဆောင်ရွက်နိုင်ကြောင်း၊ ဦးစီးဌာန၏ စောင့်ကြည့်ကုန်စည်စာရင်းတွင် ကုန်စည်အမျိုးအစား ၅၀ မျိုးကို ထပ်တိုးသွားမည်ဖြစ်ပြီး ယင်းစာရင်းတွင် ဟယ်ရီကော်ပတာအစိတ်အပိုင်းများ၊လေယာဉ်အစိတ် အပိုင်းများနှင့် စစ်သုံးဒရုန်းများကဲ့သို့သော ယူကရိန်းပဋိပက္ခတွင် အသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများပါဝင်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News