International News

လက်ရှိ နယ်စပ်အငြင်းပွားမှုကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ကုန်သွယ်မှုသည် ၂၀၂၆ ခုနှစ်တွင်လည်း အဟန့်အတားဖြစ်စေနိုင်

Last Updated:

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုသည် ၂၀၂၆ ခုနှစ်တွင် ကုန်သွယ်မှုကို ဆက်လက်အဟန့်အ တားဖြစ်စေမည်ဟု မျှော်လင့်ရကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Border trade marred in 2026 by conflict” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်မှစ၍ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့် ဆက်စပ်သော ဖိအားများမြင့်တက်လာခြင်းကြောင့် ဟွန်ဆန်အစိုးရသည် ကမ္ဘောဒီးယားတစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်း၊ လက်ရှိလုပ်ဆောင်မှုများသည် ဟွန်ဆန်၏နောက်ဆုံးတိုက်ပွဲကဲ့သို့ဖြစ်ပါကြောင်း၊  ကမ္ဘောဒီးယား၏စီးပွားရေးသည် အားနည်းနေပြီး ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားသို့ နေရပ်ပြန်သည့် ပြည်သူများအတွက် ပြည်တွင်းတွင် အလုပ်လက်မဲ့ဖြစ်နေကြသကဲ့သို့စစ်သားများသည်လည်း အစီရင်ခံစာမရှိဘဲ သေဆုံးလျက်ရှိပါကြောင်း၊နိုင်ငံရေးအသွင်ကူးပြောင်း မှုအတွက် လမ်းခင်းပေးမည့် ကမ္ဘောဒီးယားတွင် အလားအလာရှိသော အုံကြွမှုကို ထောက်ခံရန်အတွက် အဖွဲ့အစည်းအများအပြား အသင့်ဖြစ်နေသည်ဟု ထင်မြင်မိပါကြောင်း လွတ်လပ်သော အာဆီယံလေ့လာသုံးသပ်သူတစ်ဦးက ဗန်ကောက်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

စွမ်းအားများကို ပေါင်းစည်းရန် လျှို့ဝှက်သဘောတူညီချက်မရရှိပါက လာမည့်နှစ်ပထမနှစ်ဝက်တွင် အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာနိုင်သည်ဟု ယုံကြည်ကြောင်း၊  အဓိကပြဿနာမှာ မည်သူအာဏာရရှိလာမည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိပါကြောင်း၊ အုပ်စုများစွာရှိသောကြောင့် မည်သူနှင့်ညှိနှိုင်းရမည် သို့မဟုတ် မည်သူ့ကို ထောက်ခံရမည်ဆိုသည်ကို မရှင်းလင်းပါကြောင်း၊ အကယ်၍ အသွင်ကူးပြောင်းမှုတစ်ခုဖြစ်ပေါ်လာပါက အာဏာရအုပ်စုများသည် ၁၉၈၀ ပြည့်လွန်နှစ်များက "အုပ်စုလေးစု"ခေတ်နှင့်ဆင်တူနိုင်သော်လည်း ယခုတစ်ကြိမ်တွင် ပိုမိုရှုပ်ထွေးနိုင်ကြောင်း၊ ပေါ်ပေါက်လာနိုင်သည့် အဓိကအာဏာရအုပ်စု ၅ စုမှာ ဖနွမ်းပင်မှာ အာဏာရှိနေနိုင်သည့် ဩဇာကြီးမားသော ဟွန်မိသားစု၊ လက်ရှိစစ်တပ်ကို ဦးဆောင်နေသော Tea မိသားစုနှင့် ရဲတပ်ဖွဲ့ကိုလည်း ကြီးကြပ်သည့် ပြည်ထဲရေးဝန်ကြီး Sar Kheng ၏သားဖြစ်သူ Sar Sokha ပါဝင်သော Sar မိသားစုတို့ပါဝင်ပြီး Sar Sokha ၏ယောက္ခမဖြစ်သူသည် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်သောကြောင့် ယင်းအုပ်စုအတွက် ခိုင်မာသောအာဏာအခြေခံကို ပေးစွမ်းပါကြောင်း ၎င်းက ဖြည့်စွက်သုံးသပ်ထားပါသည်။

ကျန်အဖွဲ့နှစ်ဖွဲ့မှာပြည်ပရောက်ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Sam Rainsy နှင့် တော်ဝင် Funcinpec ပါတီကို ဦးဆောင်နေသော ကွယ်လွန်သူကမ္ဘောဒီးယားမင်းသား Norodom Ranariddh ၏အကြီးဆုံးသား Norodom Chakravuth တို့ဖြစ်ကြောင်း၊ ပြည်တွင်းငွေကြေး ထောက်ပံ့သူများနှင့် ပြင်ပပံ့ပိုးမှုများ အထူးသဖြင့် တရုတ်နှင့် အမေရိကန်မှ ပံ့ပိုးမှုများအပါအဝင် ကမ္ဘောဒီးယားတွင် စွမ်းအားပြိုင်ဆိုင်မှုများလွှမ်းမိုးနေပါကြောင်း၊ ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့များတွင်ရွေးကောက်ပွဲများကျင်းပရန် စီစဉ်ထားသည့် မြန်မာ နိုင်ငံ၏အခြေအနေကို စောင့်ကြည့်ရန်တိုက်တွန်းခဲ့ပြီး ယင်းအခြေအနေသည် အပြောင်းအလဲများဆီသို့ ဦးတည်သွားစေနိုင်ကြောင်း၊ ဗဟိုအစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရေးနှင့် ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ရန် ကူညီပေးနိုင်ပါကြောင်း၊သို့သော်လည်း ရွေးကောက်ပွဲကို ဆန့်ကျင်သော လူမျိုးစုများသည် ၎င်းတို့၏ခုခံမှုကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူက ဆက်လက်ပြောကြားခဲ့ပါသည်။

နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်းနယ်စပ်ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ခန့်မှန်းချက်များနှင့် ကိုက်ညီမည်ဖြစ်ပြီး ဘတ် ၁.၈၁ ထရီလီယံမှ ၁.၈၅ ထရီလီယံအထိရှိမည်ဟု စက်တင်ဘာလတွင် ခန့်မှန်းထားပါကြောင်း၊ ယခုနှစ်မကုန်မီအခြေအနေကို ပြန်လည်အကဲဖြတ်ပြီး ၎င်း၏ခန့်မှန်းချက်များကို ပြင်ဆင်ရန် ဌာနက စီစဉ်ထားကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တင်းမာမှုများနှင့် နယ်စပ်ပိတ်ထားမှုများအပြင် မြန်မာနှင့် လာအိုတို့တွင် စားသုံးသူဝယ်ယူနိုင်စွမ်း အားနည်းခြင်းကြောင့် ယခုနှစ် နယ်စပ်ကုန်သွယ်ရေးဝင်ငွေအတွက် အနုတ်လက္ခဏာဆောင်သော အလားအလာရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၆ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများ၌ သိသာထင်ရှားသော စီးပွားရေးပြောင်းလဲမှုများမမျှော်လင့်သော်လည်း  ဗီယက်နမ်နိုင်ငံသည် ခြွင်းချက်တစ်ခုဖြစ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး မဟာဗျူဟာကော်မတီ၏ ဥက္ကဋ္ဌ Mr. Jiraphant Asvatanakul က ဖြည့်စွက်သုံးသပ်ထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News