ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဒူးရင်းသီးတင်ပို့မှု အမေရိကန်ဒေါ်လာ ၃.၈၆ ဘီလီယံ တန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ပါသည်။ အကောက်ခွန်စာရင်းအချက်အလက်များအရ ဒူးရင်းသည် ထိပ်တန်းသစ်သီးဝလံတင်ပို့မှုဖြစ်ပြီး ဗီယက်နမ်၏စုစုပေါင်းသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ ၈.၅၆ ဘီလီယံ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်းသိရှိရပါသည်။
စာရင်းအရ နောက်ထပ်ထင်ရှားသည့်ပို့ကုန်မှာ လတ်ဆတ်သောအုန်းသီးဖြစ်ပြီး ၃၆.၆ ရာခိုင်နှုန်းမြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၅၃၄ သန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ပါသည်။ နဂါးမောက်သီးမှာ ဈေးအနည်းငယ်ကျဆင်းပြီးနောက် အမေရိကန်ဒေါ်လာ ၅၂၆ သန်းဖြင့် ကပ်လျက်ရှိနေကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်သစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr Dang Phuc Nguyen က ဒူးရင်းတင်ပို့မှုတိုးတက်မှုသည် အချို့သောဈေးကွက် များမှ ချမှတ်ထားသော အရည်အသွေးတင်းကြပ်မှုနှင့် အခြားလိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်စွမ်းကြောင့်ဟု ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံသည် ပို့ကုန်များကို ထိန်းချုပ်ရန်နှင့် ဆက်လက်တိုးတက်ရန်အတွက် ဈေးကွက်အသစ်များရှာဖွေရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က လတ်ဆတ်သော ဒူးရင်းသီးနှင့် အေးခဲဒူးရင်းတင်ပို့ရန် သဘောတူညီချက်များကြောင့် တရုတ်နိုင်ငံသည် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပါသည်။
အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသို့ တင်ပို့မှုများသည် သိသိသာသာမြင့်တက်လာသည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၉ မှ ၁၀ ဘီလီယံအထိရောက်ရှိရန် မျှော်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)