အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ပထမဆုံးအကြိမ်ကျဆင်းခဲ့ကြောင်း ၁၈-၆-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan exports post first decline in eight months on Trump tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၁.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၁၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့တင်ပို့လာသည့် ကုန်စည်များအပေါ် ၁၀ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံခဲ့ကြောင်း၊ ထို့ပြင် ထပ်ဆောင်းအခွန် ၁၄ ရာခိုင် နှုန်းကောက်ခံခဲ့ကြောင်းနှင့် အဆိုပါထပ်ဆောင်းအခွန်ကို လက်ရှိတွင် ဇူလိုင်လ ၉ ရက်နေ့အထိ ဆိုင်းငံ့ထားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည့် သံမဏိ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများအပေါ် ၂၅ ရာခိုင်နှုန်းအကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် သံမဏိနှင့်အလူမီနီယံ အပေါ် အကောက်ခွန်ကောက်ခံမှုကို ၄-၆-၂၀၂၅ ရက်နေ့မှစတင်၍ ၂ ဆတိုးမြှင့်ကာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းများတင်ပို့မှုမှာ ၂၀၂၅ ခုနှစ်၊ မေလတွင် ၂၄.၇ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ သံမဏိတင်ပို့မှုမှာ ၁.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအစိုးရအကြား ၆ ကြိမ်မြောက် ကုန်သွယ် ရေးဆိုင်ရာညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း တိုးတက်မှုအနည်း ငယ်သာရရှိခဲ့ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အနေဖြင့် G-7 ထိပ်သီးအစည်းအဝေး၏ ဆက် စပ်အစည်းအဝေးများတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုများ ရရှိခဲ့ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ်၊ မေလတွင် ၁.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ အဆိုပါကျဆင်းမှုပမာဏမှာ မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း၊အမေရိကန်နိုင်ငံမှ အကောက်ခွန် တိုးမြှင့်ကောက်ခံခဲ့မှုကြောင့် ဒေသတွင်းနိုင်ငံများအပေါ်လည်း ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၄ လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလတွင်ကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့၊ တင်သွင်းမှုမှာလည်း ၂ လဆက်တိုက်ကျဆင်းခဲ့ပြီး၊ ဂဏန်း ၂ လုံးအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၃ လဆက်တိုက်ကျဆင်းခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ မေလတွင် ၈.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အီးယူနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှုမှာ ၄.၉ ရာခိုင်နှုန်းနှင့် ၀.၁ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ တင်သွင်းမှုမှာ ၂၀၂၅ ခုနှစ်၊ မေလတွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နှင့် ဂျပန်နိုင်ငံတွင် ကုန်သွယ်မှုလိုငွေ ၆၃၇.၆၁ ဘီလီယံယန်း(အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ) ရှိခဲ့ ကြောင်း ဖော်ပြထားပါသည်။
Source : The Nikkei Asia
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)