International News

ယူအေအီးနှင့် မော်ရိုကိုနိုင်ငံတို့ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြ

Last Updated:

ယူအေအီးနိုင်ငံနှင့်မော်ရိုကိုနိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြန်အလှန်အကျိုးရှိစေသောကဏ္ဍသစ်တစ်ရပ်ကို စတင်နိုင်မည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)၏ စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

စေ့စပ်ညှိနှိုင်းမှုများအပြီးတွင် ယူအေအီးနိုင်ငံ၊ နိုင်ငံရပ်ခြားကုန်သွယ်ရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi နှင့် မော်ရိုကိုနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ryad Mezzour တို့မှ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးအတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်သည့်အခါတွင် ယူအေအီး-မော်ရိုကို CEPA မှ အခွန်အခများကိုလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ ကုန်သွယ်မှုအတွက် မလိုလားအပ်သောအတားအဆီးများကိုဖယ်ရှားပေးခြင်း၊ ဝန်ဆောင်မှုများအတွက် စျေးကွက်ဝင်ရောက်နိုင်မှုတိုးတက်စေခြင်း၊ အကောက်ခွန်သဟဇာတဖြစ်မှုကို မြှင့်တင်ပေးခြင်းနှင့် ကုန်ပစ္စည်းများအတွက်လိုက်လျောညီထွေရှိသော မူရင်းစည်းမျဉ်းများချမှတ်ခြင်းတို့ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းမှုကို လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။

၎င်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနှင့် ICT လုပ်ငန်းများကဲ့သို့သော ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလမ်းကြောင်းများကို တည်ထောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါနိုင်ငံနှစ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်းက ရေနံမဟုတ်သောကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံကို မျှဝေနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၃၀ % တိုးတက်လာခဲ့ကာ ၂၀၁၉ ခုနှစ် မှတ်တမ်းများထက် ၈၃ % တိုးတက်လာခဲ့ပါသည်။ ယူအေအီးနိုင်ငံသည် မော်ရိုကိုနိုင်ငံတွင် အကြီးမားဆုံးသော အာရပ်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး မဟာဗျူဟာစီမံကိန်းအမျိုးမျိုးတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားရှိပါသည်။

Dr. Thani bin Ahmed Al Zeyoudi က ယူအေအီးနိုင်ငံ၏ နိုင်ငံရပ်ခြားအစီအစဉ်မှ နောက်ဆုံးခြေလှမ်းကိုကြိုဆိုခဲ့ပြီး ၎င်းက ယူအေအီး-မော်ရိုကို ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သည် ၎င်းတို့၏ CEPA အစီအစဉ်များအတွက်အဖိုးတန်သော ထပ်လောင်းအစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏ ညီရင်းအစ်ကိုနိုင်ငံနှစ်နိုင်ငံသည် ခိုင်မာသောနှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို ရရှိထားပြီးဖြစ်ကာ ဤသဘောတူညီချက်သည် ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေး စသည့်လုပ်ငန်းကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက်ရေရှည်သာယာဝပြောရေးကိုဖန်တီးနိုင်မည်ဖြစ်ကာ မော်ရိုကိုနိုင်ငံသည် အာဖရိကတွင် အကြီးဆုံးနှင့်ပြိုင်ဆိုင်မှုအရှိဆုံးသော စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ၎င်းတို့၏ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကိုဖန်တီးနိုင်ရန်အတွက် ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

မော်ရိုကိုနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ryad Mezzour က ၎င်းတို့နှစ်နိုင်ငံကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)စေ့စပ်ညှိနှိုင်းမှုအပြီးသတ်ကြေညာချက်ကို ၎င်း၏ညီအစ်ကို Thani bin Ahmed Al Zeyoudi နှင့် ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊  ဤသဘောတူညီချက်သည် ‌မော်ရိုကိုနိုင်ငံ၊ ဘုရင်မင်းမြတ် မိုဟာမက် VI နှင့် ယူအေအီးနိုင်ငံ၊ သမ္မတကြီး Sheikh Mohamed bin Zayed Al Nahyan တို့၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က အဘူဒါဘီ မြို့တော်တွင်လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်အပေါ် ညီရင်းအစ်ကိုနိုင်ငံနှစ်နိုင်ငံအကြား ဆန်းသစ်ပြီးခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကိုထူထောင်ရန် ရည်ရွယ်အကောင်အထည်ဖော်မှု၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားတရားဝင်လုပ်ငန်းနယ်ပယ်များအား ပိုမိုအားကောင်းစေမည့် အဆိုပါသဘောတူညီချက်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးနယ်ပယ်များတွင် ပူးတွဲပူးပေါင်းဆောင်ရွက်မှုအဆင့်အား အဆင့်မြှင့်တင်နိုင်မည့်အခွင့်အလမ်းသစ်များအား ဖွင့်လှစ်ပေးခြင်းအားဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

မော်ရိုကိုနိုင်ငံသည် အာဖရိကတိုက်တွင် ဆဋ္ဌမအကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ၎င်း၏ GDP သည် အမေရိကန်ဒေါ်လာ ၁၅၂.၄ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်တွင် နောက်ထပ် ၃.၅ % တိုးလာရန် မျှော်မှန်းထားပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် အကြီးဆုံးဖြစ်နေသော်လည်း ဝန်ဆောင်မှုကဏ္ဍသည် GDP တွင် ၅၄ % ဖြင့် အများဆုံးပံ့ပိုးပေးနေကာ စက်မှုလုပ်ငန်းကဏ္ဍတွင် ၂၃ % ဖြင့် ပါဝင်ပံ့ပိုးပေးထားပါသည်။

ယူအေအီးနိုင်ငံ၏ CEPA စီမံကိန်းများသည် ကမ္ဘာတဝှမ်းရှိမဟာဗျူဟာအရ အရေးပါသောဈေးကွက်များနှင့် ဆက်ဆံရေးကိုတိုးချဲ့ခြင်းအားဖြင့် ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သော နိုင်ငံခြားကုန်သွယ်မှုကို AED ၄ ထရီလီယံအထိတိုးမြှင့်နိုင်ရန် ရည်ရွယ်ထားပါသည်။ ၂၀၂၃ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သော ကုန်ပစ္စည်းကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇၁၀ ဘီလီယံဖြင့် ၂၀၂၂ ခုနှစ်ကထက် ၁၂.၆ % တိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၃၄.၇ % ပိုမိုတိုးတက်ခဲ့ပါသည်။ မောရစ်ရှပ်စ်နိုင်ငံ၊ ကန်ညာနိုင်ငံနှင့် ကွန်ဂို-ဘရာဇာဗီးလ်နိုင်ငံများ၏ နောက်တွင် မော်ရိုကိုနိုင်ငံသည် CEPA စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို ယူအေအီးနိုင်ငံနှင့်ချုပ်ဆိုမည့် နောက်ဆုံးအာဖရိကနိုင်ငံဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: emirates247.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News