International News

ဂျာမန်မီးရထားကုမ္ပဏီဖြစ်သော Deutsche Bahn ၏ စီးပွားရေး တရှိန်ထိုးကျဆင်းသွားပြီး အနီရောင်အဆင့်သို့ ရောက်ရှိ

Last Updated:

ဂျာမနီနိုင်ငံ၏ နိုင်ငံပိုင်မီးရထား operator ဖြစ်သော Deutsche Bahn အနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ယူရို ၁.၂ ဘီလီယံကျော် (အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) အရှုံးပေါ်ခဲ့ကြောင်း Deutsche Bahn အုပ်စု၏ ၂၅-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော နှစ်ဝက်အစီရင်ခံစာအရ သိရှိခဲ့ရပါသည်။

ကုမ္ပဏီအနေဖြင့် ၂၀၂၃ ခုနှစ် အစောပိုင်းကာလများကထက် အဆပေါင်းများစွာ ကြီးမားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး ဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသော နှောင့်နှေးမှု များ၊ ရာသီဥတုဆိုးရွားလွန်ကဲမှုနှင့် အခြေခံအဆောက်အဦများ တိုးမြှင့်ရန် လိုအပ်နေမှုများ အတွက် ကြိုတင်ငွေထုတ်ပေးခြင်းများအား ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၏ဝင်ငွေသည် ယူရို ၂၂.၃၁ ဘီလီယံရှိရာ ယူရို ၂၃ ဘီလီယံအထိ ရှိခဲ့သော ၂၀၂၃ ခုနှစ် ပထမခြောက်လပတ်နှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိကာလအတွင်း ယူရို ၁.၂၃၁ ဘီလီယံခန့် အရှုံးပေါ်ခဲ့ရာ ယူရို ၇၁ သန်း အရှုံးပေါ်ခဲ့သည့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဝက် အခြေအနေမှာ ဆိုးရွားနေခဲ့ပါသည်။

ယခုနှစ်၏ ပထမနှစ်ဝက်တွင် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက Deutsche Bahn ၏ ခရီးဝေးရထားများဖြင့် နိုင်ငံတဝှမ်း ခရီးသွားလာသူများ သိသိသာသာ နည်းပါးသွားခဲ့ သည်ဟု DeutscheBahn မှ ပြောကြားခဲ့ပြီး ခရီးဝေးရထားများဖြင့် သွားလာခဲ့သော ခရီးသွား အရေအတွက်မှာ ၆၄.၂ သန်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကထက် ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြထားပါသည်။

ခရီးဝေးသွားရထားများဖြင့် ခရီးသွားလာသည့် အရေအတွက် ကျဆင်းခဲ့သော်လည်း ခရီးသွားအရေအတွက် စုစုပေါင်းမှာ ၄.၂ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။ ယင်းသို့ တိုးတက် နေမှုသည် ဒေသတွင်း လမ်းကြောင်းများအတွက် လူကြိုက်များနေသည့် ၄၉ ယူရို တန်ဖိုးရှိ လစဉ် သုံး Deutschlandticket များအပေါ် မူတည်ကြောင်းနှင့် အဆိုပါလက်မှတ်များ သုံးစွဲမှု နည်းပါး လာသည်နှင့်အမျှ ခရီးသွားအရေအတွက် ကျဆင်းသွားနိုင်ကြောင်း Deutsche Bahn က မှတ်ချက်ပြုခဲ့သည်။ Deutschlandticket သည်  ယမန်နှစ်မှစတင်၍ ခရီးသည်များအား နိုင်ငံအနှံ့ ဒေသတွင်းသုံး ရထားများအပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအားလုံးကို တစ်လလျှင် ၄၉ ယူရိုဖြင့် အသုံးပြုခွင့်ပေးခဲ့သည်။

ခရီးဝေးသယ်ယူပို့ဆောင်ရေးတွင် ခရီးသွားလာမှုများ ကျဆင်းသွားရခြင်းမှာ ရထားများ အချိန်တိကျမှု အားနည်းလာခြင်းနှင့် ရထားလမ်းကြောင်းများ ပြုပြင်မွမ်းမံမှုများကြောင့်ဖြစ်သည်ဟု Deutsche Bahn လုပ်ငန်းပိုင်ရှင် Mr. Richard Lutz က ပြောကြားခဲ့သည်။ ရာသီဥတု အခြေအနေ ဖောက်ပြန်မှုများ၊ ပျက်စီးယိုယွင်းလာသော အခြေခံအဆောက်အအုံများ၊ ရထား မောင်းသမားများ၏ သပိတ်မှောက်မှုများနှင့် မတော်တဆမှုများသည် အချိန်မတိကျမှုများနှင့် ခရီးဝေးရထား သုံးစွဲမှုများ လျော့နည်းလာရခြင်းကို ဖြစ်စေသော အကြောင်းအရင်းများဖြစ် ကြောင်း ၎င်းကကိုးကားဖော်ပြခဲ့သည်။

မကြုံစဖူးဖြစ်ပေါ်ခဲ့သော ရာသီဥတုပြင်းထန်မှုများသည် ပြုပြင်မွမ်းမံရန် လိုအပ်နေသည့် ရထားလမ်းအခြေခံအဆောက်အအုံများကို ၎င်းတို့လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည် ကန့်သတ် ချက် ကုန်ဆုံးသွားသည်အထိ တွန်းပို့ခဲ့ပြီးခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင်လည်းလုပ်ငန်းလည်ပတ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေအနေများ ဆိုးရွားစေခဲ့ကြောင်း၊ သပိတ်မှောက်မှုများနှင့် မတော်တဆမှုများလည်းရှိခဲ့ကြောင်း Lutz က ထပ်လောင်းပြောကြားခဲ့သည်။

ရထားလိုင်းပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သောကြောင့် Deutsche Bahn အနေဖြင့် ၎င်းတို့ကြိုတင်ပေးဆောင်ထားခဲ့သော ယူရို ၁ ဘီလီယံကို ဖက်ဒရယ်အစိုးရထံမှ ပြန်လည်ရရန် ရှိမှုနှင့်အတူ ယခုနှစ်နှောင်းပိုင်းတွင် အမြတ်အစွန်းများ ထပ်မံရရှိရန် ကုမ္ပဏီက မျှော်မှန်းထားခဲ့ သည်။ ထို့အပြင် ကုန်စည်ပို့ဆောင်ရေးမှအစ ခရီးဝေးသယ်ယူပို့ဆောင်ရေးများအထိ စီးပွားရေး နယ်ပယ်များအားလုံးတွင် အမြတ်အစွန်းများ ပြန်လည်ရရှိလာစေရန် ရည်မှန်းထားကြောင်းလည်း ဖော်ပြထားပါသည်။

လာမည့်ငါးနှစ်အတွင်း အုပ်ချုပ်မှုကဏ္ဍ၌ အလုပ်အကိုင်ပေါင်း ၃၀,၀၀၀ ခန့် လျှော့ချမည်ဖြစ် ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး၊ Chief Financial Officer ဖြစ်သူ Mr. Levin Holle ကလည်း နှစ်ဝက်အစီရင်ခံစာ တင်ပြမှုအတွင်း အနာဂတ်ကာလ၌ လူအင်အားအနည်းငယ်ဖြင့် ရထားလုပ်ငန်းကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။

ဂျာမနီနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဥရောပဘောလုံးပြိုင်ပွဲကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိကာလအတွင်း ရထားပြေးဆွဲမှုများ ပြတ်တောက်ခဲ့ခြင်းနှင့်  ရထားစင်္ကြန်များ၌ လူများပြည့်ကျပ်နေခြင်းတို့ကဲ့သို့သော Deutsche Bahn ၏ ပြဿနာများသည် ဘောလုံးပရိသတ်များအပေါ် သက်ရောက်မှုရှိစေခဲ့ကာ နိုင်ငံတကာသတင်းစာမျက်နှာများတွင်ပါ ဖော်ပြခြင်းခံခဲ့ရပါသည်။ ယင်းသို့ နိုင်ငံခြားသတင်းမီဒီယာများ၏ အပြုသဘောမဆောင်သော သတင်းဖော်ပြမှုသည် သေချာတိကျမှု၊ အချိန်တိကျမှန်ကန်မှုနှင့် အခြေခံအဆောက်အအုံ အရည်အသွေး မြင့်မားကောင်းမွန်မှုများကြောင့်  တစ်ချိန်က ဂုဏ်ယူခဲ့ရသော ဂျာမနီနိုင်ငံအတွက် ပြင်းထန်စွာ အရှက်ရစေခဲ့သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/german-rail-firm-deutsche-bahn-plunges-deeper-into-red/a-69762749

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News