အိန္ဒိယနိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုပို့ကုန်တင်ပို့မှုသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိရောက်ရှိနိုင်ဖွယ်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနဌာန(Global Trade Research Initiative- GTRI)က ယခုလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၂၅ ဘီလီယံ(ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၃၈ ဘီလီယံနှင့် ဝန်ဆောင်မှုတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၈၇ ဘီလီယံ)အထိရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် လွန်ခဲ့သောနှစ်ပေါင်း များစွာကထက် ပိုမိုခက်ခဲသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဝန်းကျင်နှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း GTRI က ပြောကြားခဲ့သည်။
အဆင့်မြင့်စီးပွားရေးနိုင်ငံများတွင် မြင့်တက်လာသော ကာကွယ်ရေးဝါဒ (Protectionism)၊ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား လျော့နည်းလာမှုနှင့် ရာသီဥတုနှင့်ဆက်စပ်သည့် ကုန်သွယ်မှုအတားအဆီးအသစ်များသည် အိန္ဒိယနိုင်ငံက ပို့ကုန်မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်းဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်း၏ ရလဒ်အနေဖြင့် ပို့ကုန်တိုးချဲ့နိုင်မှုထက် လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ရန် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရမည့် အလားအလာရှိကြောင်း GTRI တည်ထောင်သူ Ajay Srivastava က ပြောကြားခဲ့သည်။
“၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ကုန်စည်တင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား အားနည်းခြင်းနှင့် အမေရိကန်၏ အကောက်ခွန်ဖိအားအသစ်များကြောင့် သိသိသာသာတိုးတက်မှုမရှိဘဲ တည်ငြိမ်နေနိုင်ဖွယ်ရှိသော်လည်း ဝန်ဆောင်မှုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံအထိကျော်လွန်နိုင်ပါသည်။ ထို့ကြောင့် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိမြင့်တက်လာမည်ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ပြင်ပဝန်းကျင်အခြေအနေများသည် လျင်မြန်စွာဆိုးရွားလာနေကြောင်းနှင့် ဥရောပတိုက်သည်လည်း ကုန်ကျစရိတ်ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ(EU)သည် ၎င်း၏ကာဗွန်နယ်စပ်ညှိနှိုင်းမှုယန္တရား (Carbon Border Adjustment Mechanism-CBAM)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သွင်းကုန်များအပေါ် ကာဗွန်အခွန်ကို ထိရောက်စွာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့အခွန်ပေးဆောင်မှုများ မစတင်မီအချိန်၌ပင် လိုက်နာရမည့် စည်းမျဉ်းများနှင့် အစီရင်ခံတင်ပြရမည့် လိုအပ်ချက်များကြောင့် အိန္ဒိယနိုင်ငံ၏ EU သို့ သံမဏိတင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“၂၀၂၆ ခုနှစ်မှစ၍ EU သွင်းကုန်လုပ်ငန်းရှင်များသည် အိန္ဒိယကုန် ပစ္စည်းများ၏ ဈေးနှုန်းတွင် CBAM ကုန်ကျစရိတ်များကိုပါ ထည့်သွင်းတွက်ချက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လက်မှတ်များအပ်နှံခြင်းဖြင့် ငွေပေးချေမှုများကို အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပါသည်”ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။
လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ(FTAs)သည် အသုံးမဝင်သော သံတမန်ရေးရာ အထိမ်းအမှတ်များအဖြစ်သာရှိမနေဘဲ ပို့ကုန်တင်ပို့မှုကို အမှန်တကယ်တိုးမြှင့်ပေးနိုင်ရန်၊အိန္ဒိယကုမ္ပဏီများကို ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်များအတွင်း ပေါင်းစည်းနိုင်ရန်နှင့် တိုင်းတာ ၍ရသော ကုန်သွယ်မှုအကျိုးအမြတ်များရရှိစေရန်အတွက် အစိုးရအနေ ဖြင့် ကဏ္ဍအလိုက် အဆိုပါ FTAs များ၏ စွမ်းဆောင်ရည်ကို အရေးပေါ် ပြန်လည်သုံးသပ်ရန် GTRI က အကြံပြုထားကြောင်း သိရသည်။
Source: Economic Times, Exports likely to grow by 3% to $850 billion this fiscal: GTRI, December 25, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)