International News

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများဖြစ်ကြောင်း အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် အလေးပေးပြောကြား

Last Updated:

အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee သည် ပြည်နယ်၏ စီးပွားရေးကို အားကောင်းစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ၏အဓိကကျသော အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ကြောင်း Indian Masterminds သတင်းဌာနက ယခုလ ၂၂ က ဖော်ပြထားသည်။

ယခုလ ၁၇ ရက်နေ့က West Bengal ကုန်သည်များအသင်းချုပ် (Confederation of West Bengal Traders Association) မှ ကြီးမှူးကျင်းပသည့် အခမ်းအနားတစ်ခုတွင် ၎င်းက ပြောကြားရာ၌ အဆိုပါအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်းဆိုင်ငယ်များသည် အနောက်ဘင်္ဂလားပြည်နယ်၏ ကုန်သွယ်မှုကဏ္ဍတွင် အဓိကကျောရိုးဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကြားတွင်ပင် စီးပွားရေးတက်ကြွမှုကို ထိန်းသိမ်းရန် အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အနောက်ဘင်္ဂလားပြည်နယ်သည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့ မြောက်ပိုင်းဒေသများအတွက် ကုန်သွယ်မှုဗဟိုချက်တစ်ခုဖြစ်ကြောင်း ပြည်နယ်၏မဟာဗျူဟာကျသော ပထဝီဝင်အနေအထားကို ၎င်းက ပြောကြားခဲ့သည်။“သေးငယ်ခြင်းသည် လှပပါသည်၊အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကို တက်ကြွရှင်သန်စေပါသည်” ဟု ၎င်းက မှတ်ချက်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများသည် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသည့်အပြင် အသေးစားကုန်သည်များအတွက် ချေးငွေများရရှိနိုင်အောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အနောက်ဘင်္ဂလားပြည်နယ်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ရူပီး ၁ ဒသမ ၁၅ သိန်းကုဋေကျော်လွန်သွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၂ ဒသမ ၅ သိန်းကျော်ရှိပြီဖြစ်ကြောင်းကို ကိုးကား၍ ပြည်နယ်၏တိုးတက်လာသော စီးပွားရေးဝန်းကျင်ကို ၎င်းက အလေးပေးပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများလွယ်ကူချောမွေ့စေရေးအတွက် ပြည်နယ်၏ ကြိုးပမ်းဆောင်ရွက်မှုများသည် နိုင်ငံတော်အဆင့်အဆင့်သတ်မှတ်ချက် များတွင် ပိုမိုကောင်းမွန်လာစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေချောမွေ့သော ပတ်ဝန်းကျင်တစ်ခုဖြစ်လာသည်ကို ထင်ဟပ်စေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

၎င်းက ဆန်စပါးနှင့် ဂုန်လျှော်ကဲ့သို့သော အဓိကသီးနှံများကို အများအပြားထုတ်လုပ်နေသည့် ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍတွင် ဦးဆောင်နေမှုကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ ထို့ပြင် ပြည်နယ်တစ်ဝန်းတွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ပေါင်း ၉၃ သိန်းကျော်လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မှတ်ချက် ပြုပြောကြားခဲ့ပြီး အဆိုပါ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်နှင့် မြို့ပြဆန်သောဒေသများ၏ ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည့် အသေးစားစီးပွားရေးလုပ်ငန်းများ၊ဒေသတွင်းဆိုင်ငယ်များနှင့် ကုန်သည်များကို ပံ့ပိုးကူညီပေးမည့် ၎င်းတို့အစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါကဏ္ဍကို အားကောင်းစေရန်၊ စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ကို အားပေးရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လူမှုအဖွဲ့အစည်း၏ကဏ္ဍအားလုံးအတွက် အကျိုးကျေးဇူးရရှိစေရန်ရည်ရွယ်သည့်ဘဏ္ဍာရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုပေးအပ်ရန် လက်ရှိဆောင်ရွက်နေသော အစီအစဉ်များကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အနောက်ဘင်္ဂလားပြည်နယ်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)၊ ပို့ကုန်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အားအိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ထိပ်တန်း စီးပွားရေးဗဟိုချက်တစ်ခုအဖြစ် ရောက်ရှိစေရန် ရည်မှန်းထားပြီး မြို့ပြနှင့် ကျေးလက်ဒေသနှစ်ခုလုံးတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source:    Indian Masterminds, West Bengal CM Mamata Banerjee Emphasizes MSMEs as Key Drivers of Economic Growth, December 22, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News