International News

အိန္ဒိယနိုင်ငံက နယူးဇီလန်နိုင်ငံမှ တင်သွင်းသော ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည်တို့အပေါ် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ ခွဲတမ်းအခြေပြုအကောက်ခွန်သက်သာခွင့်များ(Quota-based duty concessions) ပေးအပ်မည်

Last Updated:

အိန္ဒိယနိုင်ငံက နယူးဇီလန်နိုင်ငံမှ တင်သွင်းသော ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည်(Manuka honey)တို့အပေါ် ခွဲတမ်းအခြေပြုအကောက် ခွန်သက်သာခွင့်များ(Quota-based duty concessions) ပေးအပ်ခြင်းသည် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ အဆိုပါကျွန်းနိုင်ငံက ကတိပြုထားသည့် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားလုပ်ငန်းစီမံချက်များအပေါ် မူတည်နေကြောင်း၊ အဆိုပါစီမံချက်များအကောင် အထည်ဖော်ဆောင်ရွက်မှုကို ပူးတွဲစိုက်ပျိုးရေးကုန်ထုတ်စွမ်းအား ကောင်စီ(Joint Agriculture Productivity Council- JAPC)က ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၃ ရက်က ဖော်ပြသည်။

အဆိုပါသဘောတူညီချက်အရ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဈေးကွက်ဝင်ရောက်ခွင့်နှင့် ထိခိုက်လွယ်သော ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍများကို ကာကွယ်ခြင်းတို့အကြား မျှခြေဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

နယူးဇီလန်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွင်းရှိ ကုန်ထုတ်စွမ်းအား၊ အရည် အသွေးနှင့် ကဏ္ဍအလိုက် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် ကီဝီသီး၊ ပန်းသီးနှင့် ပျားရည်တို့အတွက် အထူးပြုလုပ်ငန်း စီမံချက်များ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် ထူးချွန်မှုဆိုင်ရာဗဟိုဌာနများ (Centres of Excellence) တည်ထောင်ခြင်း၊ မျိုးစေ့မျိုးပင်များတိုးတက်ကောင်းမွန်စေခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဥယျာဉ်ခြံစီမံခန့်ခွဲမှုအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် အစားအသောက်ဘေးကင်းလုံခြုံမှုတို့ပါဝင်ကြောင်း သိရသည်။

အဆင့်မြင့်ပန်းသီးစိုက်ပျိုးသူများအတွက် စီမံကိန်းများနှင့် ရေရှည်တည်တံ့သော ပျားမွေးမြူရေးလုပ်ငန်းစဉ်များသည် အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုနှင့်အရည်အသွေးစံနှုန်းများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည်တို့အတွက် အကောက်ခွန်ခွဲတမ်း(Tariff rate quotas)အားလုံးသည် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအား လုပ်ငန်းစီမံချက်များအကောင်အထည်ဖော်မှုနှင့် ဆက်စပ်နေပြီး ၎င်းကို JAPC က ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံသည် အဆိုပါသဘောတူညီချက်အရ ၎င်း၏ပန်းသီးများအတွက် အကောက်ခွန်သက်သာခွင့်ရရှိသည့် "ပထမဆုံး"နိုင်ငံဖြစ်လာကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ပန်းသီးတင်သွင်းမှုအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ပြည်တွင်းတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ပန်းသီးတင်သွင်းမှုအပေါ် ခွဲတမ်းစနစ်နှင့် အနိမ့်ဆုံးတင်သွင်းဈေးနှုန်း(Minimum import price-MIP)သတ်မှတ်ချက်တို့ဖြင့် အကောက်ခွန်သက်သာခွင့်များပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ တစ်နှစ်တာပန်းသီးစုစုပေါင်းတင်သွင်းမှုမှာ တန်ချိန် ၅၁၉,၆၅၁ ဒသမ ၈(အမေရိကန်ဒေါ်လာ ၄၂၄ ဒသမ ၆ သန်း)ရှိသည့်အနက် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၃၁,၃၉၂ ဒသမ ၆(အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄ သန်း)တင်သွင်းနေကြောင်း တွေ့ရှိရသည်။

အဆိုပါသဘောတူညီချက်အရ ပထမနှစ်တွင် နယူးဇီလန်နိုင်ငံအတွက် ပန်းသီးတန်ချိန် ၃၂,၅၀၀ အပေါ် သွင်းကုန်အကောက်ခွန်သက်သာခွင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းခွဲတမ်းပမာဏကို ခြောက်နှစ် မြောက်တွင် တန်ချိန် ၄၅,၀၀၀ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အကောက်ခွန် ၂၅ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးတင်သွင်းဈေးနှုန်း တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ သတ်မှတ်သွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါခွဲတမ်းပမာဏထက် ကျော်လွန်ပါက အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ပြန်လည်ကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်အရ နယူးဇီလန်နိုင်ငံမှ ရွေးချယ်ထားသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပန်းသီး၊ ကီဝီသီး၊ မနူကာပျားရည်နှင့် အယ်လ်ဗျူမင်(Albumins)များအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို အနိမ့်ဆုံးတင်သွင်းဈေးနှုန်း(MIP)နှင့် အခြားသော ကာကွယ်မှုဆိုင်ရာ အစီအမံများပါဝင်သည့် အကောက်ခွန်ခွဲတမ်း(Tariff Rate Quota- TRQ)စနစ်ဖြင့် စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ပြည်တွင်းတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရင်း အရည်အသွေးမြင့်သွင်းကုန်များရရှိစေရန်နှင့် စားသုံးသူများအတွက် ရွေးချယ်စရာများပိုမိုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

Source:    The Hindu Businessline, India grants quota-based duty concessions to New Zealand for apples, kiwifruit and Manuka honey under FTA, December 23, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News