International News

ထိုင်းနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ လွှတ်တော်ဖျက်သိမ်းပြီးနောက် အိမ်စောင့် အစိုးရလက်အောက်တွင် အစိုးရယန္တရားလည်ပတ်နေသော်လည်း ထိုင်းနှင့်အမေရိကန်တို့အကြား ကုန်သွယ် ရေးဆိုင်ရာဆွေးနွေးမှုကို ဆက်လက်‌ဆောင်ရွက်လျက်ရှိကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “US trade talks still on course” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။

ထိုင်းနိုင်ငံသည် အခွန်နှုန်းထား ၁၉ ရာခိုင်နှုန်းတွင်သာရှိနေသေးသည့် အမေရိကန်နှင့် အခွန်ဆိုင်ရာ နည်းပညာညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာဆိုင်ရာ ညှိနှိုင်းမှုကိစ္စရပ်များမှာ ကုန်သွယ်ရေးဖြေလျှော့မှုများနည်းတူဖြစ်ပြီး ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဈေးကွက်ဝင်ရောက်မှုဆိုင်ရာများဖြစ်ကြောင်း၊ အမေရိကန်က ဆွေးနွေးသည့်အချက်များမှာ “National Trade Estimate Report on Foreign Trade Barriers” ပါ အခွန်မဟုတ်သော အတားအဆီးများသည် ကုန်သွယ်မှုနှင့် ၎င်း၏စီးပွားရေးအရ လုံခြုံမှုများကို ထိခိုက်နိုင်သည်ဟု ရှုမြင်ထားချက်အပေါ်တွင်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာညှိနှိုင်းမှုများတွင် ဝက်သားထုတ်ကုန်နှင့်စပ်လျဉ်းသည့် ပိုးမွှားလုံခြုံရေးဆိုင်ရာများ၊ Beta-agronist growth promoters များ၊ စက်ရုံဆိုင်ရာ အကဲဖြတ်ချက်များနှင့် ဆက်စပ်စံနှုန်းများပါဝင်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့သည်။

မွေးမြူရေးဖွံ့ဖြိုးမှုဦးစီးဌာနက ပြည်သူ့ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာများအတွက် အသေးစိတ်ကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ ဒေသတွင်းတန်ဖိုးတွက်ချက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတွင်းမှ ထုတ်လုပ်သည့်ပစ္စည်းများပါဝင်မှုအပေါ် အမေရိကန် သည် တရုတ်နှင့်ဆွေးနွေးနေဆဲဖြစ်ပြီး နိုင်ငံများအားလုံးအပေါ် ယင်းလုပ်ထုံး လုပ်နည်းအတိုင်း ချမှတ်ရန်မှာ ဆွေးနွေးချက်ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ် ကြောင်း၊ ညှိနှိုင်းမှုများသည် အပြီးသတ်နိုင်ခဲ့ပါကလည်း အိမ်စောင့်အစိုးရဖြစ်နေသဖြင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန်မဖြစ်နိုင်သေးသောကြောင့် အစိုးရသစ်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ သဘောတူညီချက်သည် အစိုးရအဖွဲ့နှင့် လွှတ်တော်ခွင့်ပြုချက်ရရှိရန်လိုအပ်ပါကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမဖြေရှင်းပါက အခွန်နှုန်းထားတိုးနိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း အခွန်မှာ ၁၉ ရာခိုင်နှုန်း၌ပင် ရှိနေသေးပါကြောင်း ညွှန်ကြားရေးမှူး ချုပ် Ms. Chotima က ဖြည့်စွက် ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News