International News

ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံ၏ တတိယမြောက်ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် စင်ကာပူနိုင်ငံသို့ တတိယမြောက် ဆန်အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ကောင်းစွာကြိတ်ခွဲထားသော ဆန်မွှေးဆန်အမျိုးအစားနှင့် ပုံမှန်ဆန်ဖြူများတင်ပို့ရာတွင် သိသာထင်ရှားသောဈေးကွက်ဝေစုရရှိထားကြောင်း စင်ကာပူနိုင်ငံရှိ ကုန်သွယ် ရေးရုံးအဆိုအရ သိရှိရပါသည်။

ပုံမှန်ဆန်ဖြူအမျိုးအစားသည် စင်ကာပူဈေးကွက်သို့ ဝင်ရောက်လာသာ ဗီယက်နမ်ဆန်ထွက်ကုန်များအနက် ပို့ကုန်တန်ဖိုးအမြင့်ဆုံးဖြစ် ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၆ လတွင် ပုံမှန်ဆန်ဖြူတင်ပို့မှုတန်ဖိုးသည် စင်ကာပူဒေါ်လာ ၃၈.၆ သန်း(အမေရိကန်ဒေါ်လာ ၃၀.၂ သန်း)ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၁.၉ ရာခိုင်နှုန်းတိုးလာကာ ဈေးကွက် ဝေစု၏ ၂၉.၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ 

စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ စာရင်းအင်းများအရ ဆန်ဖြူတင်သွင်းမှုအား မိတ်ဖက်နိုင်ငံပေါင်း ၂၀ ကျော်မှတင်ပို့လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ဈေးကွက်ဝေစုတွင် ဒုတိယနေရာတွင်ရှိပြီး အိန္ဒိယနိုင်ငံသည် စင်ကာပူဒေါ်လာ ၆၀.၉ သန်းဖြင့် ဈေးကွက်ဝေစု ၏ ၄၆.၇ ရာခိုင်နှုန်းရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် စင်ကာပူဈေးကွက်သို့ ဆန်ဖြူအပြင် တန်ဖိုးပိုမိုမြင့်မားသည့် အမျိုးအစား ၂ မျိုးဖြစ်သည့် ဆန်မွှေးဆန်နှင့်ကောက်ညှင်း ဆန်တင်ပို့ခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၆ လတွင် အဆိုပါပို့ကုန် ၂ မျိုးမှ အမေရိကန်ဒေါ်လာ ၁၅.၅ သန်းနှင့် ၄.၇ သန်းအသီးသီးရရှိခဲ့ကြောင်းနှင့် စင်ကာပူနိုင်ငံသွင်းကုန်ဈေးကွက်ဝေစု၏ ၅၇ ရာခိုင်နှုန်းနှင့် ၆၁ ရာခိုင် နှုန်းအသီးသီးရှိကြောင်း ဖော်ပြပါရှိပါသည်။

အဆိုပါအမျိုးအစားနှစ်မျိုးအတွက် စင်ကာပူသို့ သွင်းကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့်ကျဆင်းသွားသော်လည်း ဗီယက်နမ်သည် လက်ရှိတွင် နှစ်မျိုးစလုံးအတွက် အဓိကတင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားပါသည်။

စင်ကာပူ၏ ဆန်တင်သွင်းမှုဈေးကွက်သည် လက်ရှိတွင် တည်ငြိမ်နေသော်လည်း ဗီယက်နမ်ဆန်သည် အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းသည့်ဆန်များနှင့် သိသာထင်ရှားသောယှဉ်ပြိုင်မှု ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ မှတ်ချက်ပြုခဲ့သည်။ ဗီယက်နမ်နှင့် စင်ကာပူနှစ်နိုင်ငံအကြား ကုန်သွယ်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် စင်ကာပူအစိုးရ၏အဆိုပြုချက်သည် အနာဂတ်တွင် စင်ကာပူသို့ ဗီယက်နမ်ဆန်တင်ပို့မှု ပိုမိုတည်ငြိမ်စေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: https://vneconomy.vn/vietnam-remains-singapores-3rd-largest-rice-

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News