Trade Facilitation For Export/Importဆွေးနွေးပွဲကျင်းပ
အမျိုးသားပို့ကုန်မဟာဗျူဟာ(NES)ရှိ အထောက်အကူပြုကဏ္ဍတစ်ရပ်ဖြစ်သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များအကြား ခေတ်သစ်ကုန်သွယ်မှုစနစ်များနှင့်အညီ လိုက်လျောညီထွေးဆောင်ရွက်နိုင်ရေးတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို သိရှိနိုင်ရန်နှင့် အခက်အခဲများကိုတင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့်“Trade Facilitation For Export/ Import”ဆွေးနွေးပွဲ ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်းပြီး ၂၀၁၉ခုနှစ်၊ ဇွန်လ၊ ၂၄-၂၅ ရက်နေ့များတွင်ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ဥက္ကဌ ဦးဇော်မင်းဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သွယ်မှုလျှင်မြန် ချောမွေ့စေရေးအတွက် ပို့ဆောင်ရေး(ကုန်းလမ်း၊ရေလမ်း၊ဆိမ်ကမ်း၊ရေကြောင်း၊ရထား)၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဆိုင်ရာမူဝါဒနှင့်ဖြေလျော့မှုများ ၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး၊ အကောက်ခွန်၊ ဗဟိုဘဏ်ဆိုင်ရာဆောင်ရွက် ထားရှိမှုများ နှင့်ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲ တက်ရောက်လာသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့် ၎င်းတို့ကြုံတွေ့ နေရသည့် အခက်အခဲများကို တင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်းများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
(NES – Unit)